အာဏာသိမ်းချိန်မှစပြီး စစ်ကောင်စီက ၁၄ နှစ်အောက် ကလေးငယ် ၉၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဦးကျော်မိုးထွန်း UN အစည်းအဝေးတွင် ပြောကြား

အာဏာသိမ်းချိန်မှစပြီး စစ်ကောင်စီက ၁၄ နှစ်အောက် ကလေးငယ် ၉၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဦးကျော်မိုးထွန်း UN အစည်းအဝေးတွင် ပြောကြား

October 11

မဇ္ဈိမ။ ။ အာဏာသိမ်းချိန်မှစပြီး စစ်ကောင်စီက ၁၄ နှစ်အောက်ကလေးငယ် ၉၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက UN အစည်းအဝေးတွင် ပြောကြားသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ၏ ကလေးသူငယ်များအခွင့်အရေး ဘာသာရပ်ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု၌ ဦးကျော်မိုးထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်အထိ အရပ်သားပြည်သူ ၂,၃၃၈ ဦးသည် စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်း ခံရကြောင်း၊ ယင်းတို့မှ ၉၁ ဦးသည် ၁၄ နှစ်အောက် ကလေးငယ်များဖြစ်ပြီး၊ ၂၀၉ ဦးမှာ အသက် ၁၅နှစ် မှ ၁၉ နှစ် အကြား လူငယ်များဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာကလေးငယ်များမှာ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ကလေးသူငယ်များမှာ ၎င်းတို့၏အခြေခံအခွင့်အရေးများကို ဖိနှိပ်ချိုးဖောက်ခံရခြင်းမရှိဘဲ အပြည့်အဝခံစားနိုင်ရေး လေးနက်ပြတ်သားသည့် အာမခံချက်များ ရရှိသင့်ပြီး မြန်မာနိုင်ငံမှ ကလေးသူငယ်များအတွက်မူ ယင်းသို့ ကာကွယ်ပေးမှုမျိုး မရှိကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက သုံးနှစ် သုံးလအရွယ် ကလေးငယ်မှာ မိခင်၊ အဖွားဖြစ်သူတို့နှင့်အတူ မတ်လအတွင်းက ထောင်သုံးနှစ်ချမှတ်ခံခဲ့ရခြင်း၊ စက်တင်ဘာ ၁၆ ရက်က အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့ရာ ကျောင်းသားကလေးငယ်များ သေဆုံးခဲ့ပြီး အလောင်းများ ပြန်မရခဲ့သည့်အပြင် ဆရာမများနှင့် ကလေးငယ်အချို့ ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့သည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။

ယင်းဖြစ်စဉ်များတွင် UN အနေဖြင့် မည်သည့်ဆောင်ရွက်ချက်မျှ မပြုလုပ်ခဲ့ဘဲ တိတ်တဆိတ်နေနိုင်သည်ကို မေးခွန်းထုတ်လိုသည်ဟု သံအမတ်ကြီးကဆိုသည်။

ပြီးခဲ့သည့် ရက်ပေါင်း ၆၀၀ ကျော်အတွင်း နိုင်ငံတကာအသိုက်အဝန်းထံမှ ရံဖန်ရံခါထွက်ပေါ် လာတတ်သည့် အချို့မိန့်ခွန်းများ၊ ရှုတ်ချမှုများနှင့် တောင်းဆိုမှုများရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ် အနေဖြင့် ပြစ်မှုကင်းလွတ်ခွင့်အခွင့်အရေးကို ရရှိခံစားလျက်ရှိသည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်တပ်အပေါ် အရေးယူရန် နှောင့်နှေးနေသည့်အချိန်တိုင်း ကလေးငယ်များ၏ အသက်များနှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရကြောင်းကို သတိပေးလိုသည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#အကြမ်းဖက်စစ်တပ်

#UNအစည်းအဝေး

#လက်ယက်ကုန်းကျေးရွာ

#ဦးကျော်မိုးထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required