မောင်တောမြို့နယ်က စစ်ကောင်စီ နယ်ခြားစောင့် လိပ်ရစခန်းကို သိမ်းပိုက်လိုက်ကြောင်း AA အတည်ပြု

မောင်တောမြို့နယ်က စစ်ကောင်စီ နယ်ခြားစောင့် လိပ်ရစခန်းကို သိမ်းပိုက်လိုက်ကြောင်း AA အတည်ပြု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် လိပ်ရစခန်းကို ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက မဇ္ဈိမကို အတည်ပြု ပြောသည်။

ထိုစစ်ကောင်စီ လိပ်ရနယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ရာ ယနေ့ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၄ နာရီခန့်တွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ပြီးနောက် စခန်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ဒီနေ့ မနက် ၄ နာရီလောက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပြီးတော့ လိပ်ရစခန်းကုန်းကို ကျွန်တော်တို့ သိမ်းပိုက်လိုက်တာတော့ မှန်ပါတယ်၊ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေကတော့ ကျွန်တော့်ဆီ မရှိသေးပါဘူး” ဟု ဦးခိုင်သုခက ပြောသည်။

အဆိုပါ လိပ်ရစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတချို့ ရှိသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း တချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။

ယင်းအပြင် လက်နက်ကြီးများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ပြောသည်။

သို့သော်လည်း သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်နှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းအရေအတွက်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ယင်းစစ်ကောင်စီနယ်ခြားစောင့် လိပ်ရကုန်း စခန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကြိမ်ချောင်းရှိ အမှတ် (၇) နယ်ခြားစောင့်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သကဲ့လို့ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ယခုနှစ်ဆန်းပိုင်းမှစတင်ကာ တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်လာနေပြီး မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာသည်နှင့်တစ်ပြိုင်နက် အဆုံးအဖြတ်ပေးမည့် အဆုံးသတ်တိုက်ပွဲအချိန် ရောက်ပြီ ဟု ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာလ ၁၆ ရက်နေ့က အသိပေးတပ်လှန့် ခဲ့သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သ်န့ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required