ဂျမူးနှင့် ကက်ရှ်မီးယား၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာပြီး ယခုနှစ်အတွင်း ဧည့်သည်အများဆုံး ဝင်ရောက်ခဲ့

ဂျမူးနှင့် ကက်ရှ်မီးယား၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာပြီး ယခုနှစ်အတွင်း ဧည့်သည်အများဆုံး ဝင်ရောက်ခဲ့

အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယားသို့ ယခုနှစ်အတွင်း ဧည့်သည်ဝင်ရောက်မှုသည် ဗြိတိသျှတို့ အုပ်ချုပ်ပြီးနောက်ပိုင်း အများဆုံးဖြစ်ခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ပီယွတ်ဂိုရယ်က သူ၏ တွစ်တာတွင် ရေးသားခဲ့သည်။ 

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဗဟိုအစိုးရက အဆိုပါ ဒေသအတွက် အထူးအခွင့်အရေး သတ်မှတ်ပေးထားခြင်းကို ၂၀၁၉ ခုနှစ်တွင် ဖျက်သိမ်းလိုက်ပြီးနောက် ယခုကဲ့သို့ အခြေအနေတိုးတက်လာခြင်းဖြစ်သည်။

မိုဒီ၏ အစိုးရ၏ ဆောင်ရွက်ချက်ကြောင့် ယင်းဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း သိသာစွာ ဖြစ်ပေါ်လာခဲ့သည်။ 

ဂျမူးနှင့် ကက်ရှ်မီးယားသို့ ဇန်နဝါရီလမှစ၍ ခရီးသည်ပေါင်း ၁၆ ဒသမ၂ သန်း ဝင်ရောက်ခဲ့ကာ ၇၅ နှစ်အတွင်း အများဆုံးဖြစ်သလို အစိုးရက ဒေသဖွံ့ဖြိုးစေရန် ပြုပြင်ပြောင်းလဲ ဆန်းသစ်သည့် အစီအစဉ်များ လုပ်ဆောင်ခဲ့ ခြင်းကြောင့် ခရီးသွားလုပ်ငန်းအပေါ် ယုံကြည်မှု များစွာ ရရှိလာစေခဲ့သည်ဟု ဝန်ကြီး ပီယွတ်ဂိုရယ်က ပြောကြား ခဲ့သည်။

မြူနှင်းများဆိုင်းနေသည့် ဟိမဝန္တာတောင်တန်းများ၊ လျင်မြန်စွာ စီးဆင်းနေသည့် မြစ်များ၊   မူဂါဟယ်အင်ပါယာခေတ် ဥယျာဉ်များ၊ အယ်လ်ပိုင်း မြက်ခင်းလွင်ပြင်များ၊ လှပသာယာသော ကန်အနီးမှ ရေပေါ်အိမ်တို့ကြောင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသသို့ ယခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးဆုံးသည့် နောက်ပိုင်း ပြည်တွင်းဧည့်သည်များ လာရောက်မှု ပြန်လည်များပြားလာခဲ့သည်။

ဟိန္ဒူဘာသာဝင် အများဆုံးရှိသည့် အိန္ဒိယတွင် ကက်ရှ်မီးယားဒေသ၌ အစ္စလာမ္မစ် ခွဲထွက်ရေးလှုပ်ရှားမှုများကို  ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသည့် ယင်းဒေသကို ပါကစ္စတန်တို့ကလည်း ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည်။

ပီယွတ်ဂိုရယ်က ထုတ်ဖော်မပြောကြားခဲ့သော်လည်း ကက်ရှ်မီးယားသို့ လာရောက်ခဲ့သည့် ခရီးသွားအများစုမှ ပြည်တွင်းမှ ဖြစ်သည်။ 

နိုင်ငံခြားခရီးသွားများအနေဖြင့် ဂျမူးနှင့် ကက်ရှ်မီးယား၏ နေရာအများစုသို့ သွားရောက်ရန် အထူးခွင့်ပြုချက် လိုအပ်သည်။ 

သစ်သီးဝလံပန်းမံနှင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ ကက်ရှ်မီးယားဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းမှ ဝင်ငွေအားလုံး၏ ၇၀ ရာခိုင်နှုန်းရရှိသည်။ 

ပြီးခဲ့သည့် လအတွင်းက ကက်ရှ်မီးယားဒေသ၏ အကြီးဆုံးမြို့တော် ဆရီနဂါတွင်  ပိတ်ကားများစွာ ပါဝင်သည့် ရုပ်ရှင်ခန်းမကြီးတစ်ခုကို ဖွင့်လှစ်ခဲ့ရာ ရုပ်ရှင်ရုံများ နှစ် ၂၀ ကျော်ကြာ ပိတ်ထားပြီးနောက်  ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ကက်ရှ်မီးယားဒေသတွင် တစ်ခါတစ်ရံ အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြည်ထဲရေးဝန်ကြီး အဆိုပါ ဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကက်ရှ်မီးယားအကျဉ်းဦးစီးအကြီးအကဲ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ စစ်သွေးကြွအုပ်စုတစ်စုက ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly