ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်း တိုက်ခိုက်ခံရ ၊ သေဆုံးသူရှိပြီး ၄ ဦး ဒဏ်ရာရဟုဆို

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်း တိုက်ခိုက်ခံရ ၊ သေဆုံးသူရှိပြီး ၄ ဦး ဒဏ်ရာရဟုဆို

မဇ္ဈိမ ။ ။ အောက်တိုဘာလ၊ ၉

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ၊ဝါးချောင်းကျေးရွာ၌ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် စစ်ကောင်စီထောက်ပို့ ခုနစ်စီးပါယာဉ်တန်းကို နန်းထိုက်အောင် စစ်ဆင်ရေး လှုပ်ရှားမှုဖြင့် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီထောက်ပို့ ယာဉ်တန်းသည် ပြည်ကြီး မဏ္ဍိုင်မြို့မှ ဘုတ်ပြင်းမြို့နယ်သို့ ထွက်ခွါ လာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ဖြစ်သည့် ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) နှင့် ဘုတ်ပြင်းမြို့နယ် (ပ.က .ဖ)တို့က ပြုလုပ်ခဲ့သည်ဟု ယင်းအဖွဲ့များ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁)မှ PDF ရဲဘော်တစ်ဦးက“စစ်တပ်ထောက်ပို့ကားကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာ ခြောက်စီးက မောင်းပြေးသွားတယ်။ တစ်စီးက လာရာလမ်းအတိုင်း လှည့်ပြန်သွားတယ် ထိခိုက်ဒဏ်ရာရတဲ့ ငါးယောက်မှာ တစ်ယောက်ကတော့ ဆေးရုံရောက်မှ သေသွားတယ်”ဟု ပြောသည်။

တနင်္သာရီတိုင်းအတွင်း နန်းထိုက်အောင် စစ်ဆင်ရေးကို ဆက်တိုက်အရှိန်မြှင့် ဖော်ဆောင်လျက်ရှိရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖက်ဆစ်စစ်တပ်၊ ပျူစောထီး၊ ၎င်းတို့နေထိုင်ရာ စခန်းချသော အဆောက်အအုံများ၊ သွားလာသည့် ယာဉ်တန်းများနှင့် ဝေးဝေးနေကြရန် နန်းထိုက်အောင် စစ်ဆင်ရေး တာဝန်ရှိသူများက ပန်ကြားထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required