ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါ ဘန်နာဖြင့် သီတင်းကျွတ်လပြည့်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်

ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါ ဘန်နာဖြင့် သီတင်းကျွတ်လပြည့်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်

(မဇ္ဈိမ)။ ။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ပေါ်တွင် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဓမ္မဝါဒီအတွက် လူထု လှုံဆော်လှုပ်ရှားမှုတစ်ခုကို Yangon Revolution Force - YRF ၏ Soft Strike Community မှ တော်လှန်လူငယ်များက ပြုလုပ်ခဲ့ကြသည်။

တော်လှန်လူငယ်များသည် ရွှေတိဂုံစေတီတော်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါ ဘန်နာဖြင့် သီတင်းကျွတ်လပြည့်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ရွှေတိဂုံဘုရားရင်ပြင်များ ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် လုံခြုံရေး အထပ်ထပ်ချ၍ တင်းကျပ်ထားသော်လည်း လှုပ်ရှားမှုကို အရဲစွန့် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်ဟု YRF က လူငယ်များကဆိုသည်။

ယခု လှုပ်ရှားမှုကို အများပြည်သူ အလယ်တွင် ကြိုးစား၍ ပုံဖော်ခဲ့ခြင်းမှာ လူထုအားကို မုချယုံကြည်၍ဖြစ်ပြီး ဤလူထုအခြေပြုတော်လှန်နေသည့် “ ဤအရေးတော်ပုံကြီး အောင်မှသာလျှင် ကျွန်ုပ်တို့အားလုံး၏ အိမ်မက်များ ၊ တောင်းဆုများ ပြည့်ဝမည်သာဖြစ်ကြောင်းကို သတိချပ်စေချင်သောကြောင့်ပင်ဖြစ်သည်” ဟု YRF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လှုပ်ရှားမှုကို လုံခြုံရေးအထပ်ထပ်၊ အန္တရာယ်အထပ်ထပ်ကြားမှ လှုပ်ရှား လုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် ဓာတ်ပုံမှတ်တမ်းပြည့်စုံစွာမရရှိမှုကို နားလည် ပေးကြရန် Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေး အင်အားစု)က ဆိုထားသည်။

ပုံ - Soft Strikes Community Yangon Revolution Force – YRF

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required