မီဇိုရမ်တွင်ပြုလုပ်သည့် ရံပုံငွေဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများ ကလေးဒေသစစ်ဘေးရှောင်များကို ထောက်ပံ့

မီဇိုရမ်တွင်ပြုလုပ်သည့် ရံပုံငွေဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများ ကလေးဒေသစစ်ဘေးရှောင်များကို ထောက်ပံ့

အောက်တိုဘာလ ၈ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ကောက်ခံရရှိခဲ့သည့် အလှူငွေများဖြင့် စစ်ကိုင်းတိုင်း ကလေးဒေသရှိ စစ်ဘေးရှောင်များအား အခြေခံစားကုန်နှင့် လူသုံးကုန်များကို ထောက်ပံ့ကူညီခဲ့ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ - ကလေးဒေသထံမှ သိရှိရသည်။

“ကုန်ဈေးနှုန်းတွေ တက်လာနေတဲ့အတွက် စစ်ဘေးရှောင်တွေမှာ အစာရေစာ ကျပ်တည်းမှုအပြင် စားသုံးကုန် လူသုံးကုန် ပြတ်လပ်တာတွေ မကြာခဏ ကြုံတွေ့ နေရတယ်၊ အဲဒီအတွက် အခုလို ကူညီခဲ့တာပါ” ဟု ကလေးဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီဇိုရမ် အိုက်ဇောလ်မြို့ တွင်ပြုလုပ်ခဲ့သည် “Mobile Charity Concert” မှ ရရှိခဲ့သော အလှူငွေများကို အောက်တိုဘာလ ၁ရက်နေ့တွင် ကလေးဒေသရှိ နေရာ ကိုးနေရာမှ လူဦးရေ ၅,၀၀၀ ကျော်ကို ထောက်ပံ့ခဲ့ကြောင်း ဆိုသည်။

စစ်ဘေးရှောင်များအတွက် သိန်း၁၅၀ တန်ဘိုးရှိ အခြေခံစား‌ သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ နယ်မြေခံ အဖွဲ့များနှင့် ပွင့်လင်းမြင်သာမှု ၊ အပြန်အလှန်ယုံကြည်မှု အားကောင်းလာစေရန်အတွက် အခမ်းအနားဖြင့် ပေးအပ်ခဲ့ကြောင်းဆိုသည်။

ကလေးဒေသတွင် စစ်ဘေးရှောင် ၄၀,၀၀၀ ခန့် ရှိပြီး အင်တာနက်လိုင်း နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရမှုများ မကြာခဏကြုံ‌တွေ့နေရကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေကြောင်းလည်း သိရသည်။

ကလေးဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေဖြင့် Mobile Charity Concert ပြုလုပ်စဉ်က ရရှိခဲ့သော အတွေ့အကြုံများကို ပြန်လည်ဝေမျှခဲ့ပြီး ဒေသခံများ၏ တင်ပြသော အခက်အခဲများကိုလည်း နာထောင်ခဲ့ကြကြောင်း ဆိုသည်။

ယခုကဲ့သို့ ကူညီနိုင်ခဲ့မှုသည် ကလေးဒေသခံပြည်သူများနှင့် မီဇိုပြည်သူလူထုအကြား ရင်းနှီးမှု ပိုမိုခိုင်မာစေခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာ မှတ်တိုင်အဖြစ် မှတ်တမ်းတင်အပ်ကြောင်း ဆိုသည်။

Mobile Charity Concert အား ဦးစီးပြုလုပ်ပေးခဲ့သည့် မီဇိုကျောင်းသားသမဂ္ဂ (Mizo Zirlai Pawl)နှင့်အတူ ပါဝင်အားဖြည့်ပေးခဲ့သည့် မီဇိုလူငယ်အသင်း (Young Mizo Association) ၊ မီဇိုအမျိုးသမီးအဖွဲ့ (MHIP) ၊ People United in Music With a Purpose (PUMP) ၊ Music Domain Mizoram (MDM ၊ NGO United for Democratic Myanmar )နှင့် မီဇိုလူထုတစ်ရပ်လုံးအပေါ် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ -ကလေးဒေသ မှဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများနှင့် တသားတည်းရပ်တည်ပြီး ဒေသအတွင်း ပြည်သူများ ကြုံတွေ့နေရသည့် ကျန်းမာရေး ၊ ပညာရေး အခက်အခဲများအပြင် အခြားလိုအပ်သော ကဏ္ဍအသီးသီးကို ထောက်ပံ့နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly