နိုင်ငံရေးအကျပ်အတည်းတွေကြား ငွေမုဆိုး သတင်းတု သတင်းယောင်များ

နိုင်ငံရေးအကျပ်အတည်းတွေကြား ငွေမုဆိုး သတင်းတု သတင်းယောင်များ

အောက်တိုဘာလ ၈ ရက်

TP
မဇ္ဈိမ ။          ။ တော်လှန်ရေးကာလအတွင်း သတင်းတု၊ သတင်းမှားများကို ပြည်သူများနေ့စဥ် ကြုံတွေ့နေရပြီးဖြစ်သည်။ နိုင်ငံရေးအရတိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိရှိဖန်တီးထားသောသတင်းတု၊  သတင်းမှားကို ပဋိပက္ခဖြစ်စေရန် တမင်ဖန်တီးထားသော မဟုတ်မမှန်အကြောင်းအရာများ၏ ရည်ရွယ်ချက်ကိုမူ လူအများ သတိထားမိကြသော်လည်း၊ စီးပွားရေးလမ်းကြောင်းတစ်ခုအနေဖြင့်သတင်းတု၊ သတင်းယောင်များကို စဥ်ဆက်မပြတ်အသုံးချနေမှုကိုမူ ပြည်သူအများစု သတိမမူဘဲရှိနေသည်။

မှားယွင်းသောခေါင်းစဥ်နှင့် မျက်နှာဖုံးဓာတ်ပုံ (thumbnail) များကို အသုံးပြုကာ၊ အဆက်အစပ်အမှားများ ဖန်တီးနေကြသည့် ယူကျူ့ချန်နယ် (YouTube Channel) လေးဆယ်နီးပါးနှင့် ဖေ့ဘုတ်ပေ့ချ် (Facebook Page) အချို့ကို မဇ္ဈိမက စောင့်ကြည့်ခဲ့သည်။

၎င်းချန်နယ်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများသည် ပြည်သူများထင်ယောင်ထင်မှားဖြစ်စေမည့် ခေါင်းစဥ်၊ ဓာတ်ပုံများအသုံးပြုကာ ကြည့်ရှုသူများအောင်ပြုလုပ်လေ့ရှိကြပြီး ထိုမှတဆင့် ဖေ့စ်ဘုတ်နှင့် ယူကျူ့၏ တရားဝင်ငွေရှာခြင်းအစီအစဥ် (monetization program) တွင် ပါဝင်နိုင်ရန်ကြိုးစားကြသည်။ အထူးသဖြင့် နိုင်ငံရေးသတင်းများ၊ တော်လှန်ရေးနှင့်ပတ်သက်သည့်အကြောင်းအရားများကို အဓိကတွေ့ရမည်ဖြစ်သည်။ ဝင်ငွေရှာခြင်း (monetization) စာရင်းသွင်းခြင်းအောင်မြင်ပြီးပါက ၎င်းတို့၏ ဗီဒီယိုများတွင် ကြော်ညာများစတင်ပြသမည်ဖြစ်ပြီး ထိုမှတဆင့် ဝင်ငွေရရှိကြမည်လည်းဖြစ်သည်။ ဤဆောင်းပါးတွင် အဆက်အစပ်မှားသတင်းများ၊ အယောင်ဆောင်တင်ဆက်မှုများဖြင့် မည်သို့မည်ပုံဝင်ငွေဖန်တီးကြသည်ကို အရှင်းလင်းဆုံးဖော်ပြပေးမည်ဖြစ်သည်။

အဆက်အစပ်မှားဖော်ပြမှု၊ အယောင်ဆောင်တင်ပြချက်များ

ဤကဏ္ဍတွင် အဆိုပါ ယူကျုချန်နယ်များနှင့် ဖေ့စ်ဘုတ်စာမျက်နှာများ၏ အလုပ်လုပ်ပုံကိုဖော်ပြမည်ဖြစ်သည်။ ၎င်းတို့သည် အဓိကအားဖြင့်သို့လောသို့လောဖြစ်စေမည့် ခေါင်းစဥ်များ၊ မျက်နှာဖုံးဓာတ်ပုံ (thumbnail) များကို အသုံးပြုကာ ကြည့်ရှုမှုများအောင်ပြုလုပ်လေ့ရှိကြသည်။ ထို့အပြင် ၎င်းခေါင်းစဥ်များ၊ မျက်နှာဖုံးဓာတ်ပုံများတွင်ဖော်ပြချက်များသည် ဗီဒီယိုထဲတွင်တင်ပြထားသည့် တင်ပြချက်များနှင့် ကွဲလွဲလေ့ရှိပြီး အဆက်အစပ်မှားအကြောင်းအရာများကို ရည်ရွယ်ချက်ရှိရှိဖန်တီးနေခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၀ရက်နေ့တွင် “Law Cook Chaw” အမည်ရှိ ယူကျုချန်နယ် တစ်ခုသည် “ပန်ဆယ်လိုလုပ်ကြံခံရခြင်းနဲ့ ငါ့ဗိုလ်မှူးခေါ်လိုက်ရမလား ဆိုတဲ့ရာအိမ်မှူး” ဟူသည့်စာသားများပါဝင်သည့် မျက်နှာဖုံးဓာတ်ပုံ (thumbnail) အသုံးပြုထားသည့် ဗီဒီယိုတစ်ပုဒ်တင်ဆက်ထားသည်။ ထိုဖိုင်တွင် မတူညီသည့်သတင်းနှစ်ခုကိုကွဲပြားစွာတင်ဆက်ထားသည်။ ပထမတစ်ခုမှာ “ပန်ဆယ်လိုလုပ်ကြံခံရသည်ဆိုသည့်သတင်းများထွက်နေသည့်အပေါ် မမှန်ကန်ကြောင်း ပြန်လည်ဖြေရှင်းထားသည့်ပန်ဆယ်လို၏ ဖေ့စ်ဘုတ်ပို့စ်ကို ပြန်လည်ဖတ်ပြထားခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ရွှေပြည်သာမြို့နယ်၊ စစ်တပ်သတင်းပေး ရာအိမ်မှူးဝင်းဇော်ဆိုသူပစ်သတ်ခံရသည့်သတင်းဖြစ်သည်။
 

 
ထို့အပြင် ပြီးခဲ့သည့်စက်တင်ဘာ ၁၄ရက်နေ့၌ “Daily Square” အမည်ရှိ ယူကျူ့ချန်နယ် သည် “ကမ္ဘာ့ ၂၄နိုင်ငံက UN တပ်တွေ အရေးပေါ်လာနေပြီဟေ့” ဆိုသည့် စာသားများကို မျက်နှာဖုံးဓါတ်ပုံ (thumbnail) တွင်ထည့်သွင်းကာ ဗီဒီယိုတစ်ပုဒ်ကိုတင်ထားခဲ့သည်။ သို့သော် “ကမ္ဘာ့ ၂၄ နိုင်ငံမှ UN တပ်များ မြန်မာနိုင်ငံသို့အမှန်တကယ်ဝင်ရောက်မလာခဲ့သလို” ဗီဒီယိုကိုဖွင့်ကြည့်လိုက်သောအခါတွင်လည်း  “ကမ္ဘာ့နိုင်ငံများမှ စစ်တပ်အကြီးအကဲတွေ ရိုဟင်ဂျာဒုက္ခသည်စခန်းကိုသွားရောက်” ဟူသည့်သတင်းနှင့် အခြားသတင်းတိုများ စုစည်းတင်ဆက်ထားခြင်းကိုသာတွေ့ရှိရသည်။ အထက်ပါ အဆက်အစပ်မှား တင်ဆက်မှုသည် ပြည်သူများကြား မျှော်လင့်ချက်အမှား (False hope) ကိုမြင့်တက်စေသည်။
 


 
၎င်းနည်းတူ ပြည်သူလူထုအထင်အမြင်လွဲမှားစေနိုင်သော၊ အမြင်ဝေဝါးစေသည့်ဓာတ်ပုံများ၊ စာသားများအသုံးပြုကာ အစပ်အဆပ်မှား (False connection) ဖြင့်ဖော်ပြသည့် ယူကျုချန်နယ်ပေါင်း ၃၀ ကျော်ရှိနေသည်။ ၎င်းချန်နယ်များသည် Voice over video (နောက်ခံစကားပြောဗွီဒီယိုများ) ကိုအဓိကအသုံးပြုကြပြီး ပုံမှန်တင်ဆက်နေကျ ချန်နယ်များသည် တစ်နေ့လျှင် video သုံးခုမှ ငါးခုအထိတင်လေ့ရှိသည်။ 

တဖက်တွင်လည်း နာမည်ကြီးသတင်းဌာနများကဲ့သို့အယောင်ဆောင်ထားသည့် တင်ပြချက်မျိုး (Imposter contents) ရှိနေသည်။ DVB သတင်းဌာန၏ အမည်ကို အသုံးပြုထားသည့် Myanmar DVB အမည်ရှိ ယူကျူ့ချန်နယ်သည် အထက်ဖော်ပြပါ အဆက်အစပ်မှားဖော်ပြမှုများ (false connection) များတင်ဆက်နေပြီး စာရင်းသွင်းသူ (subscriber) တစ်သောင်းနီးပါးအထိရှိနေပြီဖြစ်သည်။ အလားတူ “Khit Thit Myanmar” အမည်ရှိ ယူကျုချန်နယ်သည်လည်း အဆက်အစပ်မှားတင်ပြချက်များ တင်ဆက်နေပြီး စာရင်းသွင်းသူ (subscriber) နှစ်သောင်း ခုနစ်ထောင်ကျော်ရှိနေပြီဖြစ်သည်။

ထိုကဲ့သို့ သတင်းမီဒီယာများ၏ အမည်ဖြင့် ချန်နယ်များဖွင့်လှစ်ကာ တော်လှန်ရေးနှင့်ပတ်သက်သည့် အဆက်အစပ်မှား အကြောင်းအရာများတင်ဆက်နေခြင်းသည် မီဒီယာနှင့် ဒစ်ဂျစ်တယ်ဗဟုသုတ အားနည်းသောပြည်သူများအတွက်မူ လွန်စွာအန္တရာယ်ရှိနေသည်။ ၎င်းချန်နယ်လ်များ၏ အမည်ကို မြင်သည်နှင့် ယုံကြည်ရသည့် သတင်းဌာန ဟုယူဆကာ ယုံကြည်ကြမည်ဖြစ်သည်။ ဤသို့ဖြင့် အဆက်အစပ်မှားသည့် သတင်းမှားများ၊ မခိုင်မာသည့်သတင်းများ ပြည်သူများကြား ပျံ့နှံ့မှုပိုမိုများပြားလာနိုင်မည် ဖြစ်သည်။


 
 
အယောင်ဆောင်သတင်းဖော်ပြချက်များနှင့် ဝင်ငွေရလမ်းများ

အထက်တွင် ၎င်းချန်နယ်လ်များ၏ လုပ်ပုံကိုင်ပုံနှင့်တင်ဆက်ပုံကိုဖော်ပြခဲ့ပြီး ဖြစ်ရာ ၎င်းတို့၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ဝင်ငွေရရေးနှင့်ဆက်လျဥ်း၍ မည်သို့မည်ပုံဝင်ငွေဖန်တီးသည်၊ ရရှိနေသည်ကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

၎င်းအယောင်ဆောင်ချန်နယ်များနှင့် အဆက်အစပ်မှားဖော်ပြသည့်ချန်လ်နယ်များသည် ဖေ့စ်ဘုတ်နှင့် ယူကျု့တွင်အများဆုံးတည်ရှိကြသည်ဖြစ်ရာ ၎င်းတို့၏ ငွေရှာခြင်းအစီအစဥ် (monetization program) များမှတဆင့်အဓိကငွေကြေးရနေကြသည်။ ထိုဝင်ငွေရှာခြင်း အစီအစဉ်သို့ ဝင်ရောက်ပြီးပါက ၎င်းတို့၏ ဗီဒီယိုဖိုင်တွင် Facebook နှင့် YouTube ဘက်မှ ကြေငြာများကို ထည့်သွင်း ဖော်ပြမည်ဖြစ်ပြီး ထိုမှတဆင့် ဝင်ငွေရခြင်း ဖြစ်သည်။
 
ယူကျု့၏ ဝင်ငွေရှာခြင်းအစီအစဥ်ကိုလျှောက်ထားရန် စာရင်းသွင်းသူ ၁,၀၀၀ (subscribers 1,000)၊ ကြည့်ရှုမှုနာရီပေါင်း ၄,၀၀၀ (watch hours 4,000) လိုအပ်မည်ဖြစ်ပြီး ဖေ့စ်ဘုတ်၏ ဝင်ငွေရှာခြင်းအစီစဥ်ကိုလျှောက်ထားရန်အတွက်မူ စောင့်ကြည့်သူ ၁၀,၀၀၀ (followers 10,000)၊ မိနစ်ပေါင်း ခြောက်သိန်း (600,000 minutes) လိုအပ်မည်ဖြစ်ကာ ၎င်းချန်နယ်နှင့် ဖေ့စ်ဘုတ်စာမျက်နှာအများစုမှာ ထိုလိုအပ်ချက်များနှင့် ပြည့်စုံနေသည်။

ဥပမာအားဖြင့် “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာ တစ်ခုသည် အဆက်အစပ်မှားအကြောင်းအရာများကို နေ့စဥ်တင်လျှက်ရှိပြီး ၎င်း၏ ဗီဒီယိုများသည် ဖေ့စ်ဘုတ်၏ တရားဝင် ငွေရှာခြင်း အစီအစဉ် ရနေသည်ကိုလည်း တွေ့ရမည်မည်ဖြစ်သည်။ ထိုဖေ့စ်ဘုတ်စာမျက်နှာသည် အခြားသောသတင်းဌာနများမှ အသံဖိုင်များကို မတူညီသည့် ဓာတ်ပုံ၊ ဗွီဒီယိုများဖြင့်ပေါင်းစပ်ဖန်တီးကာ ဖြတ်ညှပ်ကပ်တင်ဆက်မှုများ (manipulated content) လည်းပြုလုပ်နေသည်။ ၎င်းစာမျက်နှာကို လိုက်ခ်လုပ်သူ တစ်သောင်းငါးထောင်ကျော်ရှိပြီး၊ စောင့်ကြည့်သူ ခြောက်သောင်းနီးပါးအထိရှိနေသည်။
အောက်တွင် မှတ်တမ်းဓာတ်ပုံများဖြင့်ဖော်ပြထားသည်။ 
 

အလားတူ “Best Page” ၊ “Feed Nexus” အစရှိသည့် အမည်များဖြင့်ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ်စာမျက်နှာများသည်လည်း အဆက်အစပ်မှား အကြောင်းအရာများဖန်တီးခြင်းဖြင့် ဝင်ငွေရှာခြင်း အစီအစဥ် ရရှိနေကြောင်းတွေ့ရမည်ဖြစ်သည်။ ၎င်းစာမျက်နှာနှစ်ခုလုံး၏ စောင့်ကြည့်သူ (follower) အရေအတွက်မှာ တစ်သောင်းကျော်သာရှိသော်လည်း ဗီဒီယိုများမှာ ထောင်နှင့်ချီသော ကြည့်ရှုမှုများရရှိထားသည်ကိုတွေ့ရသည်။ လိုက်ခ် နှစ်သောင်းခြောက်ထောင်ကျော်၊ စောင့်ကြည့်သူ တစ်သိန်းခြောက်သောင်းကျော်ရှိသော “Namcheav Pakonkeang” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာသည် “Feed Nexus” မှ ဗီဒီယိုများကိုပုံမှန်ပြန်လည်မျှဝေလေ့ရှိနေသည်ကိုလည်း တွေ့ရှိရသည်။ ရက်အနည်းငယ်ကြာပြီးနောက် “Namcheav Pakonkeng” စာမျက်နှာသည် မျှဝေထားသောပို့စ်များ (shared post) ကို ပြန်လည်ဖယ်ရှားခဲ့သည်။

 


 
 
အယောင်ဆောင်ဖော်ပြချက်များနှင့် အန္တရာယ်

အယောင်ဆောင်ဖော်ပြချက်များ၊ ဖြတ်ညှပ်ကပ်တင်ဆက်မှုများနှင့် မှားယွင်းဆက်စပ်ဖော်ပြမှုများ များပြားလာသည်နှင့်အမျှ အခြေခံပြည်သူလူထု၏ သတင်းမှန်သိပိုင်ခွင့်ကို မှေးမှိန်စေလျှက်ရှိပါသည်။ ထိုတင်ဆက်မှုများ၏ ကြီးမားသောအန္တရာယ်ကိုပုံမှန်အခြေအနေများတွင် မမြင်သာသော်လည်း ရာသီဥတုနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ တော်လှန်ရေးနှင့်ဆက်စပ်သည့် အကြောင်းအရာများတွင် အထင်အရှားတွေ့နိုင်သည်။ အထူးသဖြင့် မုန်တိုင်းသတင်းများနှင့် စပ်လျဥ်း၍ လွဲမှားစွာဖော်ပြတင်ဆက်မှုများ၊ အသံတိတ်သပိတ်လိုလူထုလှုပ်ရှားမှုများနှင့်သက်ဆိုင်၍ မဟုတ်မမှန်တင်ပြချက်များသည် ပြည်သူလူထု၏ နေ့စဥ်ဘဝကိုထိခိုက်ရုံမျှသာမက ရပ်တည်ချက်နှင့် နိုင်ငံရေးပန်းတိုင်ကိုပါ သွယ်ဝိုက်စွာ ထိခိုက်စေလျှက်ရှိသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်သည်။

#Misinformation_Buster
#FakeNews
#Business 
#Youtube_Channel 
#Facebook_Page 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly