မင်းပြားမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က နေအိမ်၌ ဝင်ရောက်ဖမ်းဆီး

မင်းပြားမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က နေအိမ်၌ ဝင်ရောက်ဖမ်းဆီး

အောက်တိုဘာလ ၇ ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သား လေးဦးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅နာရီခန့်တွင် နေအိမ်၌ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ဥက္ကာပျံ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ ၊ ဦးမောင်ဆန်း၊ ဦးကျော်လင်းနှင့် အမဲသားရောင်းချနေသည့် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

အရပ်သားများကို အဓိက ဖမ်းဆီးခြင်းမှာ AA နှင့် ဆက်စပ်သည်ဟု ယူဆကာ ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“သူတို့ အားလုံးကို ဒီနေ့ နံနက် ၅နာရီကျော်လောက်မှာ အိပ်မောကျနေတဲ့အချိန် နေအိမ်မှာ အင်းအား ၆၀လောက်ပါတဲ့ စစ်ကြောင်းတစ်ခုက ဖမ်းသွားတယ်လို့သိရတယ်။ ကျနော်တို့ ထင်ထားက တပ်မ (၃၈၀) ဖမ်းသွားတာဖြစ်နိုင်တယ်။ စစ်ကောင်စီက သူတို့ကို ဖမ်းတာက AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းတာ ဖြစ်နိုင်တယ်။ AAနဲ့ ဆက်စပ်မူ ရှိမှာလည်း မဟုတ်ဘူး ” ဟု ၎င်းကပြောသည်။

ယင်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဆိုင်ကယ်မှောက်ထားသည့်အပြင် ၊ အသက်ကြီးရင့်နေပြီဖြစ်သဖြင့် ဖမ်းဆီးသွားသည့်နောက် စစ်ဆေးသည့်အခါ အသက်အန္တရာယ် ဖြစ်နိုင်သည့်အတွက် စိုးရိမ်ကြောင်း ၎င်းကဆက်ပြောသည်။

“တကယ်ဆို အုပ်ချုပ်ရေးမှူးက လူကောင်းတစ်ယောက်ပါ၊ စိတ်ကောင်းလည်းရှိပါတယ်။ သူက ဆိုင်ကယ် တိုက်ထားတာကြောင့် ဆေးခန်းခဏခဏ ပြနေရတယ်။ သူတို့ သတ်ပုတ်ပြီးတော့ စစ်ဆေးရင် အသက်အန္တရာယ်ဖြစ်နိုင်တယ်။ ကျန်းမာရေးမကောင်းတာကြောင့် သူ့ကို စိုးရိမ်းမှုရှိပါတယ် ” ဟု ဆိုသည်။

ယနေ့မနက်ပိုင်းက မင်းပြားမြို့ ကျိန်းတောင်ထက်မှလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေသည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မင်းပြားမြို့နယ်တွင် တပ်မ (၃၇၉) ၊ (၅၄၁)နှင့် (၃၈၀)တပ်ရင်း သုံးခုချထားပြီး အင်းအားခန့်မှန်းခြေ ၁,၀၀၀ ခန့်ရှိနိုင်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်နေ့မှ စတင်ကာ မင်းပြားကျိန်းတောင်ထက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး စက်တင်ဘာလ ၇ရက်နေ့ကလည်း မင်းပြားမြို့နယ် ဖလောင်းပြင်ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် ဒေသခံ ခြောက်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ဒီနေ့လည်း လက်နက်ကြီးက ကျိန်းတောင်ထက်က ပစ်နေတယ်။ တိုက်ပွဲဖြစ်တာတော့မရှိပါဘူး၊ အဓိက ပစ်တဲ့နေရာတွေက ဖလောင်းပြင်၊ ကျွဲရှည်ပြင်၊ ရေငံဆည် အဲဒီရွာဖက်တွေကို ပစ်နေတာဖြစ်ပါတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ဆိုသည်။

ဖလောင်းပြင်ကျေးရွာမှ လက်နက်ကြီးထိမှန်ခဲ့သည့် လူနာများမှာလည်း လက်ရှိတွင် လမ်းများ ပိတ်ထားသည့်အတွက် ဆေးကုသခံယူနိုင်ခြင်းမရှိသည့်အပြင် ကျန်သည့်ကျေးရွာသားများမှာလည်း ကြောက်လန့်ပြီး တခြားကျေးရွာများသို့ စစ်ဘေးရှောင်နေကြကြောင်းလည်း သိရသည်။

လက်ရှိအချိန်၌ မင်းပြားမြို့‌ပေါ်တွင် လူသွားလူလာ တိတ်ဆိတ်နေပြီး မင်းပြားကျိန်းတောင်ထက်မှ လက်နက်ကြီး၊ လက်နက်ငယ် ၊စက်သေနတ် ပစ်ခတ်သံများကို အဆက်မပြတ်ကြားနေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly