မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နေရပ်ရွှေ့ပြောင်းရသူ ၁ သန်းကျော် ရှိ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နေရပ်ရွှေ့ပြောင်းရသူ ၁ သန်းကျော် ရှိ 

 October 8

ပြီးခဲ့သည့်နှစ်၌ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစကာ မြန်မာနိုင်ငံအတွင်း နေရပ်ရွှေ့ပြောင်းရသူပေါင်း တစ်သန်းကျော်ထက်မနည်း ရှိကြောင်း ကုလသမဂ္ဂ ကလေးသူငယ် အေဂျင်စီက ပြောသည်။ 

ပြီးခဲ့သည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်သည့်နောက်၌ အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်နေကာ လက်နက်ကိုင်ခုခံတွန်းလှန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားပေါ်ပေါက်သည်။ 

ယင်းကို စစ်အာဏာသိမ်းအုပ်စုက ဖြိုခွင်းမှုများဖြင့် တုံ့ပြန်ပြီး ကျေးရွာများ မီးရှို့ခြင်း၊ တရားမဲ့ သတ်ဖြတ်မှုများစွာ ကျူးလွန်ခြင်းနှင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။ 

အာဏာသိမ်းပြီးချိန်မှစ၍ ပြီးခဲ့သည့်လအထိ ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူပေါင်းသည် ၁,၀၁၇,၀၀၀ ရှိကြောင်း UNICEF က ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။ 

ယင်းအနက် ထက်ဝက်ကျော်သည် တိုက်ပွဲများ ပြင်းထန်နေသည့် အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဆိုထားသည်။ 

ယင်း ဒေသသို့ လူသားချင်းစာနာထောက်ထားရေးအကူအညီများ ပေးပို့ရန်အတွက်လည်း “အရေးပါသော စိန်ခေါ်မှုများ” ရှိနေသည်ဟု UNICEF က ဆိုသည်။ 

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ၊ စစ်တပ်ထောက်ခံသော ပြည်သူ့စစ်များနှင့် အာဏာသိမ်းမှု ဆန့်ကျင်သော တိုက်ခိုက်ရေးသမားများကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားနေပြီး အာဏာပိုင်များက ပုံမှန်ဆိုသကဲ့သို့ အင်တာနက် ဖြတ်တောက်မှုများလည်း ရှိနေသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတလွှား၌ မီးရှို့ခံရ၊ ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်များ ၁၂,၀၀၀ ကျော် ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး အေဂျင်စီ UNOCHA က မေလအတွင်း ပြောထားသည်။ 

ပြီးခဲ့သည့်လက စစ်ကိုင်းတိုင်းက ရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းစီးနင်းပြီး တိုက်ခိုက်ရာ စာသင်ကလေးငယ် ၁၁ သေဆုံးခဲ့သည်။ ယင်း နေရာတွင် သူပုန်များ ပုန်းအောင်းနေသည်ကို ပစ်မှတ်ထားသည်ဟု စစ်ကောင်စီက ပြောသည်။ 

ပဋိပက္ခ အဆုံးသတ်ရေး သံတမန်ရေးအားထုတ်မှုများမှာ ပျက်သုဉ်းခြေသို့ ဆိုက်နေပြီ ဖြစ်သည်။ 

စစ်ကောင်စီနှင့် အတိုက်အခံများကြား ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးနိုင်ရေးကို ရည်ရွယ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ ပြီးခဲ့သည့်နှစ်က ကြားဝင်ဖော်ဆောင်သော ဘုံသဘောတူညီချက်ကိုလည်း စစ်ကောင်စီက လျစ်လျူရှုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly