စစ်ကောင်စီက ပိတ်ပင်ထားသည့် မတူပီမြို့ အဝင်အထွက်လမ်းများကို ယနေ့တွင် ပြန်လည်ဖွင့်ပေး

By ဆလိုင်းဗန်
08 October 2022
စစ်ကောင်စီက ပိတ်ပင်ထားသည့် မတူပီမြို့ အဝင်အထွက်လမ်းများကို ယနေ့တွင် ပြန်လည်ဖွင့်ပေး

October 8

မတူပီ (မဇ္ဈိမ)။ ။ချင်းပြည်နယ် ၊ မတူပီမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ၂၅ရက်နေ့မှ စတင်၍ စစ်ကောင်စီက သွားလာရန် တားမြစ်ပိတ်ပင်ထားသည့် မြို့အဝင် အထွက် လမ်းများကို ယနေ့ အောက်တိုဘာ ၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မြို့ဝင် ၊ မြို့ထွက်လမ်းများကို တားမြစ်ပိတ်ပင်ခဲ့၍ မတူပီမြို့တွင် စားသုံးကုန်များ ပြတ်လပ်ခဲ့ပြီး မြို့နေပြည်သူများ အခက်တွေ့ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

''အခုတော့မနေ့ကတည်းက မြို့အဝင်အထွက်တွေကို ပြန်ဖွင့်ပေးလိုက်ပြီပြောတယ်။ ဂန့်ဂေါ်ဖက်ခြမ်းကနေတက်လာတဲ့ ကုန်ကားတွေ အားလုံးရေဇွာနှင့် မတူပီကြားမှာ ရောက်နေကြပြီ။ ဒီနေ့တော့မတူပီမြို့ထဲကို ဝင်လာမယ်လို့သိရတယ်'' ဟု မတူပီမြို့ပေါ် နေသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်နေ့တွင် မတူပီမှ ဟားခါးဘက်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်(CDF)မတူပီမှ ဖနိုင်နှင့် ငလိုင်ကြားရှိ ခရိုင်ရုံးစိုက်ရာနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားခဲ့ပြီးနောက် မြို့အဝင်အထွက်များကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မတူပီမြို့အဝင်အထွက်များကို ပိတ်ပင်ထားခြင်းကြောင့်ပခုက္ကူ ၊ရန်ကုန်မြို့ ကြီးများတွင် အရေးပေါ်ဆေးကုသရန် မသွားရောက်နိုင်ခြင်း၊ စားကုန်များနှင့် စက်သုံးဆီ ပြတ်လပ်ခြင်းများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်နေ့က စစ်ကောင်စီလက်အောက်ခံ မတူပီမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှုး တာဝန်ခံဦးဝင်းအောင်သည် ကျန်းမာရေးမကောင်းသဖြင့် ပြည်မသို့ သွားရောက်ဆေးကုသရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် ဆေးကုသရန်သွားရောက်နိုင်ခြင်းမရှိဘဲ သွေးတိုးရောဂါဖြင့် သေဆုံးခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်

#မတူပီမြို့

#မြို့ဝင်မြို့ထွက်လမ်း

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly