မုံရွာ-ယာကြီး ၅ မိုင်တိုးဂိတ်အနီးတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၍ ၁၀ဦးခန့် သေဆုံးဟုဆို

By လွှမ်းမိုး
08 October 2022
မုံရွာ-ယာကြီး ၅ မိုင်တိုးဂိတ်အနီးတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၍ ၁၀ဦးခန့် သေဆုံးဟုဆို

အောက်တိုဘာ ၈

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ-ယာကြီး လမ်းမ ၊ ၅- မိုင်တိုးဂိတ်အနီးတွင် စစ်ကောင်စီ ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့အောက်တိုဘာလ ၇ ရက် နံနက် ၅ နာရီ နှင့်၈ နာရီအချိန်ခန့်တို့တွင် မိုင်းပွိုင့် သုံးနေရာမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးနိုင်ပြီး ၁၅ ဦးခန့် ပြင်းထန် ဒဏ်ရာရရှိနိုင်ကြောင်း ချိုမိုင်မိုင် သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

“ကျနော်တို့က ကားလမ်းကို စနစ်တကျ ကျင်းတွေတူးပြီး ကျင်းထဲမှာ သံချွန်တွေ ထည့်တယ် ၊ ပြီးတော့ ငါးလုံးတွဲ ပဒေသာမိုင်းတွေ ခင်းထားတယ်။ ကားဘီးတွေ ကျင်းထဲကျနေတဲ့ အချိန်မှာ ပဒေသာ မိုင်းတွေ အရင်ခွဲတယ်။ ပဒေသာမိုင်း ခွဲ ပြီးမှ ရှေ့ထွက်မိုင်းနဲ့ ကားကို နှစ်ဖက် ညှပ်ပြီး ပစ်ခဲ့တာ ဖြစ်တယ်ဗျ။ ကားနှစ်စီး မိပါတယ်၊ ကျန်တဲ့ကား တစ်စီးက ရှေ့ဆက်မတိုးဘဲ လက်နက်ကြီးတွေနဲ့ တပ်ကူမလာမချင်း အဆက်မပြတ် ပစ်ခတ်နေတာ၊ မိနစ် ၃၀ လောက်မှာ န.မ.ခ ဘက်မှ စစ်ကားတွေ ရောက်ရှိလာပြီး အောင်ဇေယျကုန်းကို ပြန်ခေါ်သွားတယ်။ စစ်သား အသေဆုံးကတော့ ၁၀ ဦး အထက်မှာ ရှိနိုင်ပါတယ်ဗျ။ မနက်ဖြန် ဆိုရင်တော့ ခွေး(စစ်ကောင်စီတပ်သား) အသေဆုံးက အတိအကျ သိရမှာ ဖြစ်တယ်” ဟု ချိုမိုင်မိုင် သတင်းနှင့် ပြန်ကြားရေးက ဆိုသည်။

စစ်ကောင်စီတပ်သားများ နေထိုင်သည့် အောင်ဇေယျ ကုန်းမှတစ်ဆင့် ဖောကား တစ်စီး ၊ သံပြားကာထားသည့် စစ်ကား နှစ်စီးသည် လူအင်အား အပြည့်ဖြင့် ဘန့်ဘွေး ရွာဘက်သို့ ဦးတည်ပြီး ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ဘန့်ဘွေးရွာ မရောက်မီ မိုင်းပွိုင့် သုံးခုက ငါးလုံးတွဲ ပဒေသာမိုင်း၊ ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကထပ်ဆင့်ပြောသည်။

ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်နေသည်မှာ တစ်နှစ်ခန့်ရှိပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဘန့်ဘွေးကျေးရွာနေ စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်ခန့်မှာ စားဝတ်နေရေး အခတ်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#စစ်ကောင်စီတပ်

#မိုင်းဆွဲခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required