လာမည့်နှစ်သည် တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့်နှစ်အဖြစ် ခံယူထားသည်ဟု NUG ထုတ်ပြန်

လာမည့်နှစ်သည် တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့်နှစ်အဖြစ် ခံယူထားသည်ဟု NUG ထုတ်ပြန်

001

မဇ္ဈိမ။ ။တော်လှန်ရေး၏ ပြီးခဲ့သော ကာလသည် လိုအပ်သော အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်ခဲ့ရသည့်ကာလဖြစ်ပြီး လာမည့်တစ်နှစ်တာကာလသည် တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့်နှစ်အဖြစ် ခံယူသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်သည်။

“ပြည်သူ့ ခုခံတော်လှန်စစ် တစ်နှစ်ပြည့်သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံတင်ပြခြင်း” အမည်ဖြင့် ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ ၇ရက်နေ့တွင် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်၍ အဆိုပါ တစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေး၊ နိုင်ငံတကာအရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည့် စစ်မျက်နှာတိုင်းတွင် သိသာထင်ရှားသည့် တိုးတက်မှု၊ အောင်မြင်မှုများ ရယူနိုင်ခဲ့ကြောင်း NUGက ဆိုထားသည်။

နယ်မြေစိုးမိုးရေးအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားမဟာမိတ်တို့၏ စိုးမိုးနယ်မြေသည် တစ်နိုင်ငံလုံးဧရိယာ၏ ၅၀ရာခိုင်နှုန်းကျော် ရှိနေပြီဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် “အချိန်ဆွဲ၊ သွေးခွဲ၊ လမ်းလွှဲ” ဗျူဟာဖြင့် နိုင်ငံရေးထွက်ပေါက်နှင့် စစ်ရေးအသက်ရှူပေါက်ကို ရှာဖွေနေသည့် အကြမ်းဖက်စစ်ကောင်စီကို အချိန်ပေး၍ မရတော့သည့် အခြေအနေဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်များအနေဖြင့် စစ်မျက်နှာ ခြောက်ခုဖွင့်လျက် အရှိန်မြှင့်ထိုးစစ်ဆင်ရေး တစ်နှစ် စီမံချက်ကို ညှိနှိုင်းရေးဆွဲနေပြီဖြစ်ကြောင်း NUGက အသိပေးထားသည်။

လာမည့်နှစ်တွင် ရန်သူကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ထိုးနှက်ကာ ထိုးစစ်ဆင်မည့် စီမံချက်ကို ပြင်ဆင်ချမှတ်ထားပြီးဖြစ်ကြောင်း NUG ကဆိုသည်။

NUG၏ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်များကို အကောင်အထည် ဖော်လုပ် ဆောင်ရာတွင် အရေးအကြီးဆုံးအင်အားသည် ပြည်သူလူထုပင်ဖြစ်၍ နောက်ဆုံးသော ပွဲသိမ်းထိုးနှက်ချက်ကိုလည်း ပြည်သူလူထု၏ အင်အားနှင့်ပင် ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု အသိပေးထားသည်။

တော်လှန်ရေးအတွက် အဓိကလိုအပ်ချက်များဖြစ်သည့် ပြည်သူလူထု၏ ထောက်ခံ ပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ တော်လှန်ရေးရန်ပုံငွေဖြည့်ဆည်းမှုနှင့် လက်နက်တပ်ဆင်မှုတို့ကို ပြည်သူနှင့် တော်လှန်ရေးအင်အားစုများ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုကြောင့် အချိန်မီဖြည့်ဆည်းနိုင်လိမ့်မည် ယုံကြည်ကြောင်းလည်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများအားလုံး အတူတကွ မလျှော့သောဇွဲလုံ့လဖြင့် ကြံ့ကြံ့ခံပြီး တစ်သံတည်းညီ၍ တစ်ချီတည်းရုန်းကြရန် အချိန်ကျပြီဖြစ်သည်ဟု NUG က ယခုထုတ်ပြန်ချက်ဖြင့် တိုက်တွန်းထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#လာမည့်နှစ်

#တော်လှန်ရေး

#အဆုံးအဖြတ်နှစ်

#NUG

#ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly