လာမည့် ချီတက်ပွဲက ပွဲသိမ်း ချီတက်ပွဲ ဖြစ်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း သန္နိဋ္ဌာန်ချ

လာမည့် ချီတက်ပွဲက ပွဲသိမ်း ချီတက်ပွဲ ဖြစ်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း သန္နိဋ္ဌာန်ချ

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီက မြို့တော် အစ္စလမ်မာဘတ်တွင် မကြာမီ ပြုလုပ်မည့် ခရီးဝေး ချီတက်မှုက “အပြီးသတ် နောက်ဆုံးပိတ် ချီတက်ပွဲ” ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် ထို့နောက်တွင် ပွင့်လင်း မြင်သာပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပေါ်လာလိမ့်မည် ဖြစ်ကြောင်း PTI ဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက စက်တင်ဘာ ၂၇ ရက်တွင် ပြောခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ ခရီးဝေး ချီတက်ပွဲပြီးရင်တော့ နိုင်ငံမှာ ရွေးကောက်ပွဲအသစ်တွေ မြင်ရပါလိမ့်မယ်” ဟု အီမရန်ခန်းက လူထုစုဝေးပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားသည့် ဗီဒီယိုတစ်ခုကို PTI ပါတီက တွစ်တာတွင် မျှဝေခဲ့သည်။
 
ထို့ပြင် အင်ဆက်ဖ် ကျောင်းသား ဖက်ဒရေးရှင်းနှင့် လူငယ်များ၏ ပူးတွဲ ညီလာခံတစ်ခုတွင် PTI အကြီးအကဲက လက်ရှိ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာကို ပြစ်တင်ဝေဖန်သွားခဲ့သည်။ PTI ပါတီ ပြီးခဲ့သည့် မေလက အစ္စလမ်မာဘတ်ကို ချီတက်ခဲ့စဉ် ရာနာသည် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ငြိမ်းချမ်းသော ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့သုံး ဖြိုခွင်းရန် ညွှန်ကြားခဲ့သည်ဟု ခန်းက ပြောသည်။

ယခုတစ်ကြိမ်တွင် ရဲတပ်ဖွဲ့၊ မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်များ သို့မဟုတ် ယုတ်စွအဆုံး ရိန်းဂျား တပ်ဖွဲ့ပင်လျှင် ဆန္ဒပြသူများကို တားဆီးနိုင်မည် မဟုတ်ကြောင်းနှင့် ပါတီသည် ကောင်းစွာ အသင့်ပြင်ထားပြီး ဖြစ်ကြောင်း ခန်းက သတိပေးခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ချီတက်ပွဲအတွက် အပြည့်အဝ အသင့်ပြင်ထားကြရန်နှင့် ၎င်း၏ ခေါ်ဆိုမှုကို စောင့်ဆိုင်းရန် ခန်းက ထောက်ခံသူများကို ထပ်မံ တိုက်တွန်းခဲ့သလို လူထုစည်းဝေးပွဲအတွက် ပြည်သူများကို တစ်အိမ်တက်ဆင်း သွားရောက် စည်းရုံးရန်နှင့် ကျောင်းများ၊ တက္ကသိုလ်များသို့ သွားရောက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required