ရှီကျင့်ဖျင်၏ တတိယအကြိမ်သမ္မတသက်တမ်းတွင် ထိုင်ဝမ်ကို အကျပ်ကိုင်ခြင်းနှင့်ခြိမ်းခြောက်ခြင်းများ ပိုလုပ်လာနိုင်

ရှီကျင့်ဖျင်၏ တတိယအကြိမ်သမ္မတသက်တမ်းတွင် ထိုင်ဝမ်ကို အကျပ်ကိုင်ခြင်းနှင့်ခြိမ်းခြောက်ခြင်းများ ပိုလုပ်လာနိုင်

သမ္မတရှီကျင့်ဖျင်အနေဖြင့် တတိယအကြိမ်သမ္မသက်တမ်းကို ရယူနိုင်မည်ဆိုပါက တရုတ်က ထိုင်ဝမ်အား ၎င်းအုပ်ချုပ်မှုအောက်သို့ရောက်ရှိရန် အကျပ်ကိုင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်နိုင်ကြောင်း မျှော်လင့်ရသည်ဟု ထိုင်ဝမ်မှ ပြည်မကြီးရေးရာကောင်စီအကြီးအကဲ ချူစိုင်ဆန်းက ပြောသည်။
 
တရုတ်တွင် ၅ နှစ်တစ်ကြိမ်ကျင်းပသော ခေါင်းဆောင်မှု အပြောင်းအလဲကို အောက်တိုဘာ ၁၆ ရက်တွင် စတင်မည့် ကွန်မြူနစ်ပါတီကွန်ဂရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ရှီက အစဉ်အလာကို ချိုးဖျက်ကာ တတိယသက်တမ်းရယူရန် အသင့်စောင့်နေသည်။

ရှီသည် ပါတီကွန်ဂရက်၌ ၎င်းအာဏာကို ခိုင်မြဲအောင် ထပ်မံလုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ပြည်မကြီးရေးရာ အကြီးအကဲ ချူစိုင်ဆန်းက အမတ်များကို ပြောသည်။

“ပြီးရင် တရုတ်ကွန်မြူနစ်ပါတီအင်အားက တဖြည်းဖြည်းကျယ်ပြန့်လာပြီး သူ့ရဲ့ တိုးတက်မှုဖြစ်စဉ်ဗျူဟာထဲမှာ ပြန်လည်ပေါင်းစည်းရေးဖြစ်စဉ်ကို မြှင့်တင်ဖို့ ဆက်ပြီး အလေးထားလုပ်ဆောင်လိမ့်မယ်။

“ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့လုပ်ဆောင်ချက်တွေဟာ အမှီအခိုကင်းရေးနဲ့ ပြန်လည် ပေါင်းစည်းရေး မြှင့်တင်ခြင်းလို့ ခေါ်တဲ့ အလေ့အထ အားကောင်းတဲ့အဆင့်ကို ရောက်နေပါပြီ” ချူစိုင်ဆန်းက ပြောသည်။

တရုတ်သည် ထိုင်ဝမ်နှင့်ပတ်သက်၍ ရည်မှန်းချက်များပြည့်မီရန် အကျပ်ကိုင်ခြင်းနှင့်ခြိမ်းခြောက်ခြင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့်ထိုင်ဝမ်၏ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားနှောင့်ယှက်ရန် မီးခိုးရောင် ဇုန်လှုပ်ရှားမှုများနှင့် နိုင်ငံတကာဥပဒေကို အသုံးပြုလုပ်ဆောင်လိမ့်မည်ဟု ချူကပြောသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်းထိန်းချုပ်မှုအောက်သို့ရောက်စေရေး အင်အားအသုံးပြုမှုကို မည်သည့်အခါမှ မငြင်းဆိုခဲ့သော်လည်း တစ်နိုင်ငံ စနစ်နှစ်မျိုးမူအရ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရန် ကတိပြုထားသည်။
 
တရုတ်ကို ရင်ဆိုင်သွားမည်ဟူသော ကတိဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်ကာ ပြန်လည်ရွေးချယ်ခံရသော သမ္မတစိုင်အင်ဝမ်ကို တရုတ်က ခွဲထွက်ရေးသမားဟူ သဘောထားကာ ဆက်ဆံပြောဆိုခြင်းမပြုပေ။ စိုင်က တန်းတူခံစားခွင့်နှင့် အပြန်အလှန်လေးစားမှုအပေါ်အခြေခံသော ဆွေးနွေးပွဲများလုပ်ရန် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required