အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဩစတြေးလျအထက်လွှတ်တော် အမတ်တို့ မြန်မာစစ်ရှောင်အရေးဆွေနွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဩစတြေးလျအထက်လွှတ်တော် အမတ်တို့ မြန်မာစစ်ရှောင်အရေးဆွေနွေး

အောက်တိုဘာလ ၇ ရက်

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) နှင့် ဩစတြေးလျ အထက်လွှတ်တော်အမတ် (Senator)တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ စစ်ဘေးရှောင်များအရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မီဇိုရမ် ပြည်နယ်အစိုးရ ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ အောက်တိုဘာ ၆ရက်နေ့က မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Hari Babu Kambhampati သည် ၎င်းနေထိုင်သည့် Raj Bhavan တွင် ဩစတြေးလျ အထက်လွှတ်တော်အမတ် Dean Smith အားလက်ခံတွေ့ဆုံ၍ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်နှင့်ပတ်သက်၍ ဩစတြေးလျအထက်လွှတ်တော်အမတ်က မီဇိုရမ်သို့ လာရောက်ရသည့် အကြောင်းအရင်းတွင် မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်အရေးပါဝင်နေပြီး ဆောင်ရွက်ထားမှုအခြေအနေများကို မေးမြန်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်များ ခိုလှုံဝင်ရောက်လာပြီး အများစုမှာ ချင်းပြည်နယ်မှ ချင်းလူမျိုးများ ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအရ မီဇိုရမ်ပြည်သူများမှလည်း အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးသည့်အပြင် ပြည်နယ်အစိုးရကလည်း စစ်ရှောင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည်ဟု မီဇိုရမ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နောက် ဩစတြေးလျ အထက်လွှတ်တော်အမတ်က ချင်းနှင့် မီဇိုလူမျိုးများသည် ညီအကိုများဖြစ်သည်ဟု သိရှိနားလည်ထားကြောင်း၊ ဩစတြေးလျနိုင်ငံတွင်လည်း ချင်းလူမျိုး အမြောက်အမြား နေထိုင်ကြပြီး အစိုးရကလည်း ကောင်းမွန်စွာ စောင့်ရှောက်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာစစ်တပ်မှ လက်နက်အားကိုး၍ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့မှုအပေါ် မိမိတို့ အစိုးရအနေဖြင့် စိုးရိမ်ကြောင်း၊ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကိုလည်း အထူးစောင့် ကြည့်လျက်ရှိနေကြောင်း အထက်လွှတ်တော်အမတ်က ထပ်မံပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် မိတ်ဆွေကောင်းနိုင်ငံဖြစ်သည့်နည်းတူ မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအား ကောင်းမွန်စွာစောင့်ရှောက်ပေးရန် သြစတြေးလျအထက်လွှတ်တော် အမတ်က မေတ္တာရပ်ခံခဲ့သည်။

သြစတြေးလျအထက်လွှတ်တော်အမတ် Dean Smith သည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုးရမ်းထန်းငါကို ၎င်း၏ရုံးခန်းတွင် သွားရောက် တွေ့ဆုံခဲ့သည့်အပြင် မီဇိုရမ်ပြည်နယ်တွင် ဩဇာကြီးမားသည့် မီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း မီဇိုရမ် ပြည်နယ်အစိုးရ ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly