အိုင်အက်စ် အကြီးတန်းတာဝန်ရှိသူကို ဆီးရီးယားတွင် အမေရိကန် သုတ်သင် 

အိုင်အက်စ် အကြီးတန်းတာဝန်ရှိသူကို ဆီးရီးယားတွင် အမေရိကန် သုတ်သင် 
Photo - AFP

October 7

ဆီးရီးယား အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ အာရုဏ်မတက်မီအချိန်၌ အမေရိကန်တပ်ဖွဲ့ဝင်များသည် ဂျီဟတ်ဝါဒီ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်ကို ရှင်းလင်းသုတ်သင်ခဲ့ကြောင်း အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးရုံးက ပြောသည်။ 

ပိုင်နက်များ ဆုံးရှုံးထားပြီးဖြစ်သော်လည်း ဆီးရီးယားနှင့် အိမ်နီးချင်း အီရတ်တို့တွင် တိုက်ခိုက်မှုများ ဆင်နွှဲနေဆဲဖြစ်သည့် အိုင်အက်စ် ဂျီဟတ်များကို ချေမှုန်းရေးအတွက် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများတွင် နောက်ဆုံး စစ်ဆင်ရေး၌ သုတ်သင်လိုက်ခြင်းလည်း ဖြစ်သည်။ 

“CENTCOM တပ်ဖွဲ့ဟာ အိုက်အက်စ် အကြီးတန်းတာဝန်ရှိသူကို ပစ်မှတ်ထားပြီး ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ စီးနင်းခဲ့တယ်”ဟု ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဂျိူး ဘတ်စီနိုက အီးမေးလ်ထုတ်ပြန်ချက်တွင် အေအက်ဖ်ပီသို့ ပြောသည်။ 

လက်နက်များနှင့် တိုက်ခိုက်ရေးသမားများကို မှောင်ခိုသွင်းခြင်းများ ဆောင်ရွက်ပေးနေသည့် အိုင်အက်စ်တာဝန်ရှိသူ ရတ်ကန် ဝါဟစ် အယ်လ်ရှမ်မာရီကို ပစ်မှတ်ထား စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း CENTCOM က နောက်ပိုင်းတွင် တွစ်တာ၌ ထုတ်ပြန်သည်။ 

ရှမ်မာရီကို သုတ်သင်နိုင်ပြီး သူ့ လက်ထောက်များမှ တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ယင်း ထုတ်ပြန်ချက်၌ ဖော်ပြကာ အခြားသူ နှစ်ဦးကို ဖမ်းဆီးနိုင်ပြီး စီးနင်းမှု၌ နောက်ထပ် အသေအဆုံး မရှိကြောင်း ထပ်လောင်းဆိုသည်။ 

ကာ့ဒ်တပ်ဖွဲ့ဝင်များ အများစု ကြီးစိုးသော ဆီးရီးယား အရှေ့မြောက်ပိုင်း အစိုးရထိန်းချုပ်မှုအောက် နယ်မြေတွင် အမေရိကန်တို့သည် ရဟတ်ယာဉ်များဖြင့် စီးနင်းခြင်း လုပ်ဆောင်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားသူအချို့ကို ဖမ်းဆီးသွားကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံက အစောပိုင်းတွင် ထုတ်လွှင့်သည်။ 

ပစ်မှတ်ထားစီးနင်းခဲ့သည့် မူလက် ဆာရေး ကျေးရွာသည် ကာ့ဒ်တို့ ထိန်းချုပ်သော ကာမစ်ရှ်လီမြို့မှ တောင်ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပြီး အစိုးရထောက်ခံသော ပြည်သူ့စစ်များက ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ 

ယခု ကြာသပတေးနေ့က စီးနင်းမှုသည် ၂၀၁၁ ခုနှစ်က ဖြစ်ပွားပေါ်ပေါက်သော ဆီးရီးယား ပဋိပက္ခစစ်ပွဲမှစပြီး အစိုးရထိန်းချုပ်ရာ နယ်မြေတွင် ပထမဆုံးသော လေကြောင်းစီးနင်းမှုဖြစ်သည်ဟု ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေး ယင်းအဖွဲ့က ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly