ယုံကြည်ချက်မရှိသူများ CDMတွင် မပါလာရေးအတွက် စနစ်တကျစိစစ်သွားမည်ဟု CDMစစ်သားများဆို

By မိုးသောက်
07 October 2022
ယုံကြည်ချက်မရှိသူများ CDMတွင် မပါလာရေးအတွက် စနစ်တကျစိစစ်သွားမည်ဟု CDMစစ်သားများဆို

အောက်တိုဘာ ၇

မဲဆောက်(မဇ္ဈိမ)။ ။ ယုံကြည်ချက်မရှိသူများ CDMတွင် မပါဝင်လာစေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDM ပြုလုပ်လာသည့် စစ်သားများစုဖွဲ့ထားသည့် အဖွဲ့အစည်းအသီးသီးက အောက်တိုဘာလ ၆ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်သားCDMများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပန်းတိုင်၊ ပြည်သူ့ရင်ခွင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’Soldiers Defense Force ၊ Breaking Brain Washed တို့က CDM ပြုလုပ်ရာမှ စစ်တပ်ထံ ပြန်လည်ခိုလှုံသွားသည့် ဗိုလ်မှူးမျိုးမင်းထွန်းနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

“ အရင်ထက်ပိုပြီးတော့ သေချာစိစစ်ပြီးတော့မှ လက်ခံတော့မယ်။ “ဟု Breaking Brain Washedမှ ဗိုလ်ကြီး ထက်မြတ်က မဇ္ဈိမသို့ပြောသည်။

၎င်းတို့အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဗိုလ်မှူးမျိုးမင်းထွန်းသည် စစ်ကောင်စီ၏ ညွှန်ကြားချက်များကို ကျေနပ်မှုမရှိခြင်း၊ ဆွေမျိုးများတည်ရှိရာ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခြင်း၊ ရင်ဆိုင်တိုက်ပွဲများတွင် အသက်သေဆုံးနိုင်ခြင်းအစရှိသည့် စိုးရိမ်စိတ်များနှင့် စိတ်ဓာတ်ကျဆင်းကာ CDM ပြုလုပ်ရန် ဆက်သွယ်လာသည့်အတွက် လုံခြုံမှုရှိစွာ ဆောင်ရွက်ပေးခဲ့သည်။

၎င်းသည် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့်အတွက် ၎င်းနှင့်လျော်ညီသည့် နေထိုင်စားသောက်နိုင်ရေးအတွက် CDM တပ်မတော်သားများက ဝိုင်း၀န်းဆောင်ရွက်ပေးခဲ့သည့်အပြင် NUGနှင့် ပြည်သူများကလည်း လိုအပ်သော ထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည်ဟု သိရသည်။

ထိုသို့ပြုလုပ်ပေးခဲ့ခြင်းများရှိခဲ့သော်လည်း စစ်ကောင်စီထံတွင် ပြန်လည်ခိုဝင်ခဲ့သူဗိုလ်မှူးမျိုးမင်းထွန်း ကို ပြည်သူ့သစ္စာဖောက်ဟု အဆိုပါထုတ်ပြန်ချက်ထဲတွင် အတိအလင်းကြေညာထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက လွတ်မြောက်နယ်‌မြေမှ ရုတ်တရက်ပျောက်ဆုံးသွားခဲ့သည့် ဗိုလ်မှူးမျိုးမင်းထွန်းသည် စက်တင်ဘာလ ၆ရက်နေ့တွင် စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထွက်ပေါ်လာသည့်ရုပ်သံတွင် ၎င်းသည် NUG၊ CRPHအဖွဲ့များ၏ စည်းရုံးမှုများကြောင့် CDMပြုလုပ်ခဲ့ရကြောင်း နှင့် အင်တာဗျူးများကိုလည်း တွန်းအားပေးမှုများကြောင့်ဖြေဆိုခဲ့ရကြောင်း ပြောဆိုခဲ့သည်ကိုတွေ့ရသည်။ ထိုသို့ပြောဆိုချက်များနှင့်ပတ်သက်ပြီး၍လည်း အမှန်တိုင်းပြောဆိုခဲ့ခြင်းဟုတ်မဟုတ်သိရှိနိုင်ရန်အတွက် အမာခံအတွင်းလူများ၏ အကူအညီဖြင့် စုံစမ်းလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ကို စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်များက စတင်ပြုလုပ်ခဲ့ပြီးနောက်တွင် ဝန်ထမ်းအသီးသီးလည်း ပါဝင်လာခဲ့ကြသည်။ ၎င်းတို့ထဲတွင် စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ပါဝင်လာသူများထဲတွင် CDMအတွက် တပ်ကို သီးသန့်စွန့်ခွာလာခဲ့ကြသူများ၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ပြုလုပ်လာသူများရှိကြောင်း တပ်CDMများနှင့်နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီကိုစွန့်ခွာပြီး CDMပြုလုပ်လာသည့် စစ်သား ၃,၅၀၀ကျော်ရှိနေပြီဖြစ်ကြောင်း CDMများကို ကူညီပေးနေသူများထံမှ သိရှိရသည်။

နောက်ထပ် တပ်ကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာနိုင်သည့် စစ်သားများလည်း နေ့စဉ်နှင့်အမျှရှိနေကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - ပုံဟောင်းဖြစ်သည်

#mizzima

#CDMတပ်မတော်သားများ

#စစ်ကောင်စီ

#NUG

#CRPH

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly