မြိုင်မြို့နယ် ကန်နီ ကျေးရွာအနီးတွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

By လွှမ်းမိုး
07 October 2022
မြိုင်မြို့နယ် ကန်နီ ကျေးရွာအနီးတွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

October 7

မဇ္ဈိမ ။ ။ မကွေးတိုင်း ၊ မြိုင်မြို့ မြောက်ဘက်ခြမ်း လေးမိုင်ခန့်အကွာရှိ ကန်နီ (ပျူ) ကျေးရွာမှ ကင်းပတ်ရန် ထွက်ခွါလာသည့် ပျူစောထီး များကို Myaing Villages Revolution Front (MVRF) က အောက်တိုဘာလ ၃ ရက် နံနက် ၈ နာရီ ခန့်က ရှေ့ထွက်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပျူစောထီး နှစ်ဦး သေဆုံးပြီး ရှစ်ဦးခန့် ပြင်းထန် ဒဏ်ရာရရှိ ခဲ့သည်ဟု MVRF က ယနေ့ အောက်တိုဘာ ၇ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

“ ကန်နီ ကျေးရွာက ပျူစောထီး တွေ နေတဲ့ ရွာ ဖြစ်ပါတယ်။ သူတို့ ရွာမှာ ရိက္ခာ ပြတ်ရင် လက်နက်ကြီးတွေနဲ့ ပစ်ဖောက် ခြောက်လှန့်ပြီး နီးစပ်ရာ ကျေးရွာတွေက ပစ္စည်းတွေ ကို လုယက် ခိုးယူ နေကြတာ။ ကျွန်တော်တို့က ကန်နီ ရွာ နဲ့ မန်ကျည်း လေးပင် ရွာ ကြားမှာ အလှည့်ကျ ကင်းပုန်း ဝပ်ပြီး စောင့်ဆိုင်း နေကြတာ။ ကန်နီ ရွာက နေ ထွက်လာ ပြီး ပစ်ကွင်း ထဲ အရောက်မှာ ရှေ့ထွက်မိုင်း တွေ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ။ အပြန် အလှန် ပစ်ခတ်မှုက ၁၀ မိနစ် လောက်ရှိတယ်။ သတင်း အတိအကျ ရထားတာကတော့ ပျူစောထီး နှစ် ဦး သေပြီး ရှစ်ဦး ဒဏ်ရာတယ် “ ဟု MVRF သတင်း နှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ကန်နီ ပျူကျေးရွာ မှ ပျူစောထီးများ ၏ ရန်ကြောင့် နီးစပ်ရာ ကျေးရွာ များမှ ပြည်သူလူထု အနေဖြင့် ကြောက်လန့်နေရပြီး အိုးအိမ် စွန့်ခွါ၍ စစ်ရှောင်နေရသူများ ရှိသည်ဟု ကျေးရွာဒေသခံများကထံကသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မကွေးတိုင်း

#မြိုင်မြို့နယ်

#ကနီကျေးရွာ

#တိုက်ခိုက်ခံရ

#ပျူစောထီး၂ဦးသေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required