ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဒေါက်တိုင်နေရာ ၃ နေရာကို ၄၀ မမများဖြင့် ကာကွယ်ရေးအဖွဲ့ ပစ်ခတ် တိုက်ခိုက်

By စိုင်းခန့်
07 October 2022
ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဒေါက်တိုင်နေရာ ၃ နေရာကို ၄၀ မမများဖြင့် ကာကွယ်ရေးအဖွဲ့ ပစ်ခတ် တိုက်ခိုက်

October 7

မဇ္ဈိမ။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဒေါက်တိုင် နေရာ သုံးနေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Khayan PDF ထံက သိရသည်။

ခရမ်းမြို့နယ်ရှိ သစ်တောဂိတ်၊ မြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံး နေရာသုံးနေရာကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သွေးမအေးဘူးပေါ့ဗျာ။ ပြည်သူတွေကြားချင်နေတဲ့ အသံတွေ မြိုင်နေရမယ်ပေါ့ဗျာ။ သီတင်းကျွတ်ပွဲအသံပေါ့။ ထွေအုပ်ရုံးထဲမှာ ရပ်ကျေး အုပ်ကြီးတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေ စည်းဝေးနေချိန် ကိုင်လိုက်တာ။ ထွေအုပ်၊ ရဲစခန်းနဲ့ သစ်တောဂိတ် သုံးနေရာကို။ တည့်တည့်တွေချည်း ကျတာ အားရချက်။ ၄၀ မမတွေနဲ့ ပစ်ခတ်လိုက်တာပါ” ဟု Khayan PDF တာဝန်ခံ ကိုမီးပွားက မဇ္ဈိမကို ပြောသည်။

အဆိုပါ နေရာသုံးနေရာကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပြင် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲနှင့် အုပ်ချုပ်ရေးမှူးများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

“အသံက ဆက်တိုက်ပဲ။ လေး ၊ ငါးလုံးလောက်ကြားရတယ်။ အကျယ်ကြီးပဲ။ အဲ့ဒီလို ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ခရမ်းမြို့ထဲက လမ်းမတွေပေါ်မှာ သွားလာနေတဲ့ လူတွေ အတော်ရှင်းသွားတယ်။ ဖမ်းဆီးတာမျိုးတွေတော့ မကြားမိသေးဘူး” ဟု ခရမ်း ဒေသ ခံတစ်ဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ပြီး ယခုအခါ ဘေးကင်းလုံခြုံသည့်နေရာကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

" အဖွဲ့က ဘေးကင်းတယ်။ အေးဆေးပဲ။ တခြားမြို့နယ်တွေလည်း အားကောင်းလာမှာ ဖြစ်သလို ကျွန်တော်တို့ ရန်ကုန်တောင်ပိုင်းခရိုင် ဇုံ (၂) ရဲ့ စုစည်းမှု အားကောင်း လာပါပြီ။ မကြာမီ တပ်ပေါင်းစုကြီးနဲ့အတူ အောင်မြင်မှုတွေ ရတော့မှာပါ" ဟု Khayan PDF တာဝန်ခံက ဆိုသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်က လုံခြုံရေး အင်အားတင်းကျပ်စွာဖြင့် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း

#ခရမ်းမြို့နယ်

#စစ်ကောင်စီတပ်

#ဒေါက်တိုင်၃ခု

#၄၀မမ

#ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required