ချင်းတွင်းမြစ်တစ်လျှောက် ကနီမြို့အနီး စစ်ရေယာဉ် ၁၃ စီး တိုက်ခိုက်ခံရ

By ဂျာမုန်း
07 October 2022
ချင်းတွင်းမြစ်တစ်လျှောက် ကနီမြို့အနီး စစ်ရေယာဉ် ၁၃ စီး တိုက်ခိုက်ခံရ

October 7

ကော်သူးလေ (မဇ္ဈိမ)။    ။ စစ်ကိုင်းတိုင်း၊ ကနီမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ် ၁၃ စီးပါအုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ 

“ကျွန်တော်တို့ ပစ်တာ မီတာ ၃၀၀ ပတ်ချာလည်လောက်ကနေပစ်တာပါဗျ။ မြေနေရာ အနေအထားကတော့ ကျွန်တော်တို့ အသာစီးရပါတယ်။ လက်နက်အင်အားကတော့ သူတို့ဘက်က သာတာဆို‌တော့ အထိအခိုက်တော့ မရှိပေမယ့် တော်တော်လေးအပစ်ခံခဲ့ရတယ်။ စစ်သ‌င်္ဘောအ‌သေးပေါ်ကနေ လက်နက်ကြီးနဲ့ပစ်တာ ပိုများတယ်။ ဖလက်ပေါ်ကနေက လက်နက်ငယ်လောက်နဲ့ပဲ ပစ်တာဗျ” ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် MPDF(DEMO)တပ်ခွဲမှူးက ပြောသည်။ 

စစ်သင်္ဘောအသေး တစ်စီးအပါအဝင် ဖလက်ရေယာဉ် ၁၂ စီးမှာ ကနီမြို့တွင် နှစ်ညအိပ်ရပ်နားပြီးနောက် ကနီအထက်ပိုင်းဒေသများသို့ ဆက်လက်ထွက်ခွာလာစဉ် ယမန်နေ့ အောက်တိုဘာလ ၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ကာကွယ်ရေးတပ်များက မြစ်ကမ်းနံဘေးမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့ ဆီတင်လာတဲ့ဖလက်ကို ဦးစားပေးအနေနဲ့ပစ်ပါတယ်။ အင်ဂျင်ထိသွားတဲ့နှစ်စီးက မိုးကာအုပ်ထားတော့ ဘာပါမှန်းတော့မသိဘူး။ အင်ဂျင်ခန်းထိပြီး ပျက်စီးသွားတယ်လို့တော့ ယူဆရပါတယ်။ စစ်ရေယာဉ်အသေးကကျ ကျွန်တော်တို့ပါတဲ့ လက်လုပ်လက်နက်နဲ့က မတိုးဘူး၊ ထိရောက်မှုမရှိဘူးဗျ။ အဲဒါကြောင့် ထိရောက်မှုရှိနိုင်တဲ့ ဖလက်တွေကိုပဲ ဦးစားပေးပစ်ရတာဗျ”ဟု သူက ဆက်ပြောသည်။ 

၎င်းပစ်ခတ်မှုအတွင်း စစ်ကောင်စီဖလက်ရေယာဉ် နှစ်စီးမှာ အင်ဂျင်ထိမှန်ပျက်စီးသွားကြောင်း မျက်မြင်တွေ့ရှိရသော်လည်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ အတည်မပြုနိုင်သေးကြောင်း MPDF(DEMO)တပ်ခွဲမှူးက ပြောသည်။ 

ထိုသို့တိုက်ခိုက်နိုင်ရန် ယင်းနေ့ နံနက် ၆ နာရီခွဲကတည်းက ကြိုတင်စောင့်ဆိုင်းခဲ့ရကြောင်းလည်း သိရသည်။ 

ယင်းတိုက်ခိုက်မှုကို MPDF(DEMO)တပ်ခွဲ ၊ မဟူရာကျားရိုင်းတပ်ဖွဲ့ နှင့် ဒေသခံ ပကဖများက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အင်ဂျင်ထိမှန်သွားသည့် အဆိုပါရေယာဉ်အုပ်စုမှာ အုမ်မကျေးရွာတွင် ရပ်နားပြင်ဆင်ကာ တစ်ညအိပ်ပြီးနောက် ယနေ့ ဆက်လက်ထွက်ခွာချိန် နံနက် ၇ နာရီခန့်တွင် KLG PDF(ကျောက်လုံးကြီး)နှင့်ဒေသခံ ပကဖများ ပူးပေါင်းပြီး ထပ်မံတိုက်ခိုက်ခဲ့သေးသည်။ 

ယင်းရေယာဉ်အုပ်စုမှာ ကနဦးက မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စစ်သုံးကား၊ အိမ်စီးကား၊ ယမ်းတောင့်များနှင့် လောင်စာဆီများတင်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်ပြီး ကနီမြို့မရောက်မီ အောက်တိုဘာလ ၄ ရက်နေ့ကလည်း ကနီမြို့နယ်၊ ကနဲကျေးရွာနားတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#ရေယာဉ်အုပ်စု
#ကနီမြို့နယ်
#စစ်ကောင်စီတပ်သား
#DEMO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly