မီဒီယာ လွတ်လပ်ခွင့်အပေါ် စစ်ကောင်စီ ဖိနှိပ်မှု ဥရောပ ပါလီမန်အမတ်များ ရှုတ်ချ

မီဒီယာ လွတ်လပ်ခွင့်အပေါ် စစ်ကောင်စီ ဖိနှိပ်မှု ဥရောပ ပါလီမန်အမတ်များ ရှုတ်ချ

October 7

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုကို ဥရောပ ပါလီမန်အမတ်များက အောက်တိုဘာ ၆ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး “မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဂျာနယ်လစ်အားလုံး” ကို ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလုပ်ငန်း ၁၂ ခုထက်မနည်း အပိတ်ခံရသလို ဂျာနယ်လစ် ၁၄၂ ဦးခန့် ဖမ်းဆီးခံခဲ့ရကာ ၎င်းတို့အနက် ၅၇ ဦးသည် ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။ အဆိုပါ ဖမ်းဆီးခံထားရသူ သတင်းသမား အများစုသည် အများပြည်သူကို အထိတ်တလန့် ဖြစ်စေမှု၊ သတင်းမှား ဖြန့်မှု သို့မဟုတ် အစိုးရဝန်ထမ်းတစ်ဦးကို လှုံ့ဆော်ခြင်းတို့အတွက် သွေးထိုးလှုံ့ဆော်မှု စွဲချက်တစ်ခုအောက်တွင် ထိန်းသိမ်းခံနေရသည်။

အီးယူ ပါလီမန်က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်တွင် ဘီဘီစီ အလွတ်တန်း ထုတ်လုပ်သူ မထက်ထက်ခိုင်၊ ဖရွန်းတီးယားမြန်မာ ပင်တိုင်ဆောင်းပါးရှင်နှင့် ဗွီအိုအေသတင်းဌာနအတွက် ပါဝင်ရေးသားသူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် နှင့် အလွတ်တန်းသတင်းထောက် မငြိမ်းငြိမ်းအေးတို့၏ အမှုများကို ကိုးကား ထုတ်ဖော်ထားသည်။

“ဥရောပ ပါလီမန်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်၊ တရားမဝင်တဲ့ အုပ်ချုပ်မှုအပေါ် အပြင်းအထန် ရှုတ်ချပါတယ်။ နောက်ပြီး စာနယ်ဇင်း၊ သတင်းမီဒီယာ ဝန်ထမ်းတွေအပေါ် စွဲဆိုထားတဲ့ နိုင်ငံရေးအရ အရင်းခံတဲ့ စွဲချက်တွေအားလုံး ရုပ်သိမ်းဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဂျာနယ်လစ် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပ ပါလီမန်အမတ်တွေက မြန်မာအာဏာသိမ်းစစ်တပ်ကို တိုက်တွန်းပါတယ်” ဟု အီးယူ ပါလီမန်က ပြောသည်။

“မတရား ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အခြား နှိပ်စက်မှုတွေ အပါအဝင် အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ ဥရောပ ပါလီမန်အမတ်တွေက မြန်မာအာဏာသိမ်းစစ်တပ်ကို တိုက်တွန်းပါတယ်။ နောက်ပြီး သတင်းမီဒီယာမှာ လုပ်ကိုင်နေသူတွေအပေါ် မတရားသဖြင့် အမှုရင်ဆိုင်ခိုင်းမှုတွေကို ရပ်တန့်ဖို့လည်း တိုက်တွန်းပါတယ်” ဟု အီးယူ ပါလီမန်က ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly