စစ်ကောင်စီအတွက် ရုရှလက်နက်များ ဝယ်ယူရာတွင် ပါဝင်သည့် စီးပွားရေးသမားကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 

စစ်ကောင်စီအတွက် ရုရှလက်နက်များ ဝယ်ယူရာတွင် ပါဝင်သည့် စီးပွားရေးသမားကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 

October 7

ပြီးခဲ့သည့်နှစ် အစောပိုင်းက အာဏာသိမ်းခဲ့သည့် မြန်မာစစ်အာဏာသိမ်းအုပ်စုအတွက် ဘီလာရုစ်မှနေ၍ ရုရှထုတ်လက်နက်များ ဝယ်ယူရာတွင် ပါဝင်ပတ်သက်နေသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦးနှင့် အခြားသူ နှစ်ဦးတို့ကို အမေရိကန်က ကြာသပတေးနေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းလိုက်ပြိး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ကာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခြင်းများကြောင့် ပဋိပက္ခတိုက်ပွဲများ ဖြစ်ပွားပေါ်ပေါက်သည်။ 

ဒုံးကျည်နှင့် လေယာဉ်များအပါအဝင် လက်နက်အရောင်းအဝယ် လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးသော စစ်တပ်အရာရှိတစ်ဦး၏ သားဖြစ်သူ စီးပွားရေးသမား ဦးအောင်မိုးမြင့်နှင့် ၎င်းတည်ထောင်သော Dynasty International Company Limited အပြင် ယင်းကုမ္ပဏီ၏ ညွှန်ကြားရေးမှူးနှစ်ဦးတို့အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ထင်မြင်ချက်ပေးရန် ဦးအောင်မိုးမြင့်ထံ ရိုက်တာအနေဖြင့် ဆက်သွယ်၍ မရသေးပေ။ 

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ၏ အမေရိကန်က မည်သည့် ပိုင်ဆိုင်မှုမဆို ထိန်းချုပ်လိုက်ပြီ ဖြစ်ပြီး ၎င်းတို့နှင့် တွဲဖက်လုပ်ကိုင်ခြင်းများကိုလည်း အမေရိကန်ပြည်သူများအား တားမြစ်လိုက်ပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်းက တက်ကြွလှုပ်ရှားသူ လေးဦးအား သေဒဏ်ပေးကွပ်မျက်ခြင်းနှင့် ပြီးခဲ့သည့်လက စစ်ရဟတ်ယာဉ်ဖြင့် စာသင်ကျောင်းအား အသေအဆုံးများစွာ တိုက်ခိုက်ခဲ့ခြင်းများကို ထုတ်ပြန်ချက်တစ်ရပ်၌ ဘလင့်ကင်က ကိုးကားပြောဆိုသည်။ ထို့ပြင် ကြာသပတေးနေ့က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သော ၎င်းတို့ သုံးဦးသည် ဘီလာရုစ်မှ ရုရှထုတ် လက်နက်များ ဝယ်ယူရရှိရေးတွင် ပါဝင်ပတ်သက်မှု ရှိနေသည်ဟု ဘလင့်ကင်က ထောက်ပြပြောဆိုသည်။ 

“သူတို့ သုံးဦးဟာ မြန်မာစစ်တပ်ရဲ့ ရုရှနဲ့ ဘီလာရုစ်စစ်တပ်တွေနဲ့ ရေရှည်ဆက်ဆံရေးမှာ ပါဝင်ပတ်သက်နေသူတွေပဲ ဖြစ်ကြပါတယ်”ဟု ဘလင့်ကင်က ပြောသည်။ 

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ရုရှရဲ့ ယူကရိန်းကို တရားမဲ့ ကျူးကျော်တာကို ထောက်ခံတဲ့ ဘယ်နိုင်ငံမဆိုက အဲဒီလို လူမျိုးတွေကို ပစ်မှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အခွင့်အာဏာကို ဆက်လက်အသုံးပြုသွားမှာ ဖြစ်ပါတယ်၊ ဒါအပြင် မြန်မာအာဏာသိမ်းအုပ်စုရဲ့ ကိုယ့်ပြည်သူအပေါ် ပြန်ပြီး အကြမ်းဖက်နေတာကို ရုရှနဲ့ ဘီလာရုစ်တို့ရဲ့ လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးနေတာတွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

ရုရှနိုင်ငံသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်များ ထောက်ပံ့သည့် အဓိကရင်းမြစ်ဖြစ်ပြီး အာဏာသိမ်းမှုကို နိုင်ငံတကာက ရှုတ်ချသည့်ကြားတွင် သံတမန်ရေးအရ အကာအကွယ် ပေးထားသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာသေးသော လပိုင်းအတွင်း ရုရှနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required