ပါကစ္စတန်နိုင်ငံတစ်ဝန်း အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက် ဆင်းဒ်ပြည်နယ်ရှိ ရေဘေးသင့် ဧရိယာများမှ တောင်သူများကို မြေဩဇာများနှင့် မျိုးစေ့များအတွက် ထောက်ပံ့ကြေး များ ထောက်ပံ့နိုင်ရေးအလို့ငှာ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၃၂၃ သန်း ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။
“တောင်သူတွေကို ထောက်ပံ့ကြေးတချို့ ပေးပြီးတော့ ကျွန်တော်တို့ရဲ့ ရေကြီးမှုဒဏ်ခံထားရတဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည် ရှင်သန်အောင် လုပ်ရပါမယ်” ဟု ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ် ဆိုင်ယက်ဒ် မာရတ် အလီ ရှားက ပြောသည်။
ရေကြီးမှုကြောင့် နိုင်ငံတွင် ကသောင်းကနင်း အခြေအနေများကို ဖြစ်ပေါ်စေခဲ့ပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးအတွက် မျိုးစေ့များနှင့် အခြား တင်ကြို လိုအပ်ချက်များကို ဝယ်ယူနိုင်သည့် အခြေအနေတွင် ရှိမနေကြောင်း ၎င်းက ပြောသည်ဟု The News International မီဒီယာက ဖော်ပြသည်။
“အကြီးအကျယ် ထိခိုက်စေတဲ့ သဘာဝဘေးဒုက္ခဆိုးဒဏ်ခံရပြီးနောက် လာမယ့် ဆောင်းရာသီ သီးနှံစိုက်ပျိုးမှု ရာသီ မတိုင်မီ တောင်သူတွေ သူတို့ရဲ့ စိုက်ပျိုးမြေတွေကို ပြန်လည်ဖော်ယူနိုင်အောင် ကူညီဖို့နဲ့ စီမံကိန်းကို ထောက်ကူဖို့ ကမ္ဘာ့ဘဏ်က ဆင်းဒ်ပြည်နယ်အစိုးရကို ဒေါ်လာ ၃၂၃ သန်း ထောက်ပံ့ပေးဖို့ သဘောတူထားပါတယ်” ဟု ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ပါကစ္စတန် တောင်ပိုင်းတွင် မိုးကြီးပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဝါသီးနှံများကို ထိခိုက် ပျက်စီးစေခဲ့သည့်အတွက် ဆင်းဒ်ပြည်နယ်ရှိ တောင်သူများ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ မိုးကြီးမှုကြောင့် သစ်သီးခြံများနှင့် စိုက်ပျိုးမြေဧကပေါင်းထောင်ချီ ပျက်စီးခဲ့သည်။