တီးတိန်မြို့တွင် စစ်တပ်ထောင်ထားသည့် မိုင်းပေါက်ကွဲ

တီးတိန်မြို့တွင် စစ်တပ်ထောင်ထားသည့် မိုင်းပေါက်ကွဲ

အောက်တိုဘာလ ၆ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ စကော့လမ်းရပ်ကွက်ရှိ စစ်ကောင်စီတပ် ခလရ (၂၆၉) တပ်ရင်းအောက်ဘက်ရှိ ဒေါ်စန်းချိုထမင်းဆိုင် အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် စစ်မှုထမ်းဟောင်း တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့နေဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၄ရက်နေ့ ည ၉နာရီ ၃၀မိနစ်ခန့်တွင် ဒေါ်စန်းချိုထမင်းဆိုင်အနီး၌ မိုင်းပေါက်ကွဲခြင်းဖြစ်ပြီး ၎င်းဆိုင်ပိုင်ရှင်၏ အမျိုးသားစစ်မှုထမ်းဟောင်း ဦးလှဌေးပွဲချင်းပြီးသေဆုံးကာ ဒေါ်စန်းချိုနှင့် ဝမ်းကွဲညီမတော်စပ်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရရှိသွားခြင်းဖြစ်သည်။

“စစ်သားတွေ ထောင်ထားတဲ့မိုင်းတွေကို သွားပြီးတော့ နင်းမိတာထင်တယ်။ ဆုံးသွားတဲ့သူကိုကျတော့ မနေ့က သင်္ဂြိုဟ်ပြီးပြီ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ ကလေးမြို့ ခုတင်တစ်ရာ စစ်ဆေးရုံကို ပို့ထားတယ်။” ဟု တီးတိန်မြို့ ဒေသခံတစ်ယောက်မှ မဇ္ဈိမကိုပြောသည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၂၆၉)သည် တပ်ရင်း ပတ်ဝန်းကျင်၌ နင်းမိုင်းများထောင်ထား၍ ၎င်းတပ်ရင်း အနီးအနားကို သွားလာခြင်းမလုပ်ကြရန် မြို့နေဒေသခံများကြား ပြောဆိုမှုများရှိနေကြောင်းလည်း အဆိုပါဒေသခံမှ ဆိုသည်။

ပြီးခဲ့သည့် မေလ ၂ရက်နေ့ကလည်း တောတွင်းသို့ အမဲလိုက် ထွက်ရာမှ ပြန်လာသည့် တီးတိန်မြို့နယ် ဒေသခံ အပြစ်မဲ့ ပြည်သူ နှစ်ဦးကို အဆိုပါဒေါ်စန်းချိုထမင်းဆိုင်တွင် သောက်စားနေသည့်စစ်သားများမှ ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများဖျောက်ဖျက်ထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly