ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူကို စစ်ကောင်စီက ထောင် ၁၀ နှစ် ချမှတ်

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူကို စစ်ကောင်စီက ထောင် ၁၀ နှစ် ချမှတ်

အောက်တိုဘာလ ၆ ရက်

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံရှိ တရားရုံးတစ်ခုက ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ဆက်သွယ်ရေး ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

အသက် ၂၆ နှစ်အရွယ် တိုရူ ကူဘိုတာသည် ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲတစ်ခုအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှု၊ အာဏာသိမ်းစစ်ကောင်စီအပေါ် ဆန့်ကျင်သူများကို အားပေးမှု ဆိုသည့် စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသည်။

ကူဘိုတာကို ဗုဒ္ဓဟူးနေ့က နိုင်ငံတော်အား အကြည်ညိုပျက်စေမှုအတွက် ထောင်ဒဏ် သုံးနှစ် နှင့် ဆက်သွယ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်ကြောင်း ဝန်ကြီးဌာန အရာရှိက ကူဘိုတာ၏ ရှေ့နေကို ကိုးကားပြီး ပြောသည်။

သို့သော် ကူဘိုတာသည် ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံရဖွယ် ရှိကြောင်း သိရသည်။

၎င်းကို စွပ်စွဲထားသည့် လူဝင်မှုထိန်းချုပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် တရားရုံး ကြားနာမှုတစ်ခုကို အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ဂျပန်ဝန်ကြီးဌာန အရာရှိက ပြောသည်။

“မစ္စတာ ကူဘိုတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိမိတို့အနေနဲ့ မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။ အဲဒီလို ဆက်လုပ်သွားဖို့လည်း ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းရန် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံ ရိုက်တာက ဖုန်းခေါ်ဆိုခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly