မြန်မာ-ထိုင်း နယ်စပ်ဖြစ်တဲ့ မောတောင်မှာ တိုက်ပွဲ ၂ နေရာ ဖြစ်ပွား

မြန်မာ-ထိုင်း နယ်စပ်ဖြစ်တဲ့ မောတောင်မှာ တိုက်ပွဲ ၂ နေရာ ဖြစ်ပွား

အောက်တိုဘာလ ၆ ရက်

မြန်မာ-ထိုင်း နယ်စပ် တစ်ခု ဖြစ်သည့် မောတောင်မြို့တွင် ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီ အချိန်တွင် တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မောတောင် ဒေသခံများထံမှ သိရသည်။

မောတောင်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံး ရဲဝင်းဂိတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ဂိတ် မြန်မာဂိတ်တို့တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

မောတောင် ဒေသခံ တစ်ဦးက“ညက တိုက်ပွဲ ဖြစ်ပွားတာ နှစ်ဖက် စလုံးက ပစ်ကြ ခတ်ကြတယ်၊ စစ်တပ် ဖက်ကတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာမျိုးလည်း ရှိတယ်”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ငါးဦး သေဆုံးကာ KNLA အဖွဲ့ကလည်း တစ်ဦး ကျဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပြီး သက်ဆိုင်ရာ နှစ်ဖက် အဖွဲ့စည်းများက သတင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

တိုက်ပွဲအတွင်း မောတောင် အခြေစိုက် တပ်ရင်း (၂၂၄) မှ တပ်ရင်းမှူး ဇော်မျိုးအောင် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး 120 mm ဖြင့် ခြောက်ချက်နီးပါး ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မောတောင်မြို့ နယ်စပ်ဂိတ်သည် တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်း နယ်စပ်ဂိတ် တစ်ခု ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly