ကျောက်ဆည်မြို့နယ် ရေပြစ်ရွာရှိ ဒေသခံပြည်သူကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

ကျောက်ဆည်မြို့နယ် ရေပြစ်ရွာရှိ ဒေသခံပြည်သူကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

အောက်တိုဘာလ ၆ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ဘက်လုံရွာ(ရေပြစ်)တွင် နေထိုင်သူ ဒေသခံပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခံရသူမှာ အသက် ၄၀ ဝန်းကျင်ရှိ ကိုကျော်မင်းလွင်ဖြစ်ပြီး စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့်က ကားငါးစီးဖြင့် နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

''သူက အရင်ကတော့ NLD ထောက်ခံ သူပါ။ ဒလန်ကြောင့် အပစ်ခံလိုက်ရတာ။ သေနတ် ၁၅ ချက်လောက်ထိ ပစ်ခတ်ပြီး ဖမ်းဆီးသွားတာပါ။ ပေါင်ကို ကျည်ထိမှန် ဒဏ်ရာရပါတယ်'' ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်ဖမ်းဆီးခံရသူ ကိုကျော်မင်းလွင်အား ကျောက်ဆည်မြို့နယ်၊ စမာရွာ အခြေစိုက် စစ်ကောင်စီဂိတ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ရွာသား အချို့ ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံများက သိရသည်။

''စစ်ကောင်စီတပ်သားတွေက ညနေခင်းမှာ တစ်ခေါက်ပြန်ရောက်လာပြီးတော့ အသက် ၅၀ ဝန်းကျင်ရှိတဲ့အုပ်ကြီး(အုပ်ချုပ်ရေးမှူး)နဲ့ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အရပ်သား တစ်ယောက်ကို ထပ်ပြီး ဖမ်းခေါ်သွားတယ်''ဟု ဒေသခံက ထပ်မံပြောကြားသည်။

စစ်ကောင်တပ်သားများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၂ နာရီခန့်က ရေပြစ်ရွာနှင့် နှစ်မိုင်ခန့်သာဝေးသည့် တံတားဦးကုန်းရွာမှ ဒေါ်သိန်းဌေး အသက် (၄၇) နှစ်ကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ အလောင်းကို သွားရောက်ယူဆောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် စက်တင်ဘာလကုန် အထိ စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပစ်ခတ်ဖြတ်မှုကြောင့် ကျဆုံးသူ ၂,၃၃၆ ဦးရှိသည်။

၂၀၂၂ အောက်တိုဘာလ ၄ ရက်နေ့အထိ စစ်ကောင်စီ၏ ဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရသူ ဦးရေ ၁၂,၅၆၃ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly