ဟားခါးဆေးရုံ၌ လူနာ၊ လူနာစောင့်နှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းသူများကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်

ဟားခါးဆေးရုံ၌ လူနာ၊ လူနာစောင့်နှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းသူများကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်

အောက်တိုဘာလ ၆ ရက်

ချင်းပြည်နယ် ၊ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသနေသည့် လူနာ၊လူနာစောင့်များနှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသူ စုစုပေါင်း ၁၉ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၄ရက်နေ့ ညနေပိုင်းက ဖမ်းဆီးပြီး ရဲစခန်းသို့ ပို့လိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ၁၉ဦးတွင် အမျိုးသမီး လေးဦးနှင့်အမျိုးသား၁၅ဦး ပါဝင်ပြီး ၎င်းတို့ကို အဆိုပါနေ့ ညနေ ၆ နာရီကျော်တွင် ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

''ဖမ်းသွားတဲ့သူတွေကို ချက်ချင်းတော့ ပြန်လွတ်ပေးလိုက်တယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတော့ ဆေးရုံထဲမှာ စစ်ကောင်စီတပ်တွေက ပစ္စည်း ဝေနေတဲ့ပုံတွေ၊ သူတို့စခန်းချနေတဲ့ ပုံတွေ၊သူတို့လှုပ်ရှားမှုတွေ ချင်းမီဒီယာတွေမှာ သတင်းတက်လာတာတွေ့ပြီး ဒါဆေးရုံထဲကရှိတဲ့သူတွေထဲကရိုက်ပြီး ချင်းမီဒီယာတွေကို ဖြန့်တာဆိုပြီး ဆေးရုံထဲမှာရှိတဲ့သူတွေကို ဖမ်းခေါ်သွားကြတာ။ရဲစခန်းမှာကျတော့ ဖုန်းတွေစစ်ဆေးပြီးပြန်လွှတ်ပေးလိုက်ကြတယ်'' ဟု ဖမ်းခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ချင်းအဆိုတော်တစ်ဦးက ဟားခါးချင်းရိပ်သာ မီးလောင်သည့်ပုံကို ၎င်း၏နေအိမ်မှရိုက်ပြီး ဖေ့ဘွတ် လူမှုကွန်ရက် My dayတွင်တင်ထား၍ စစ်ကောင်စီ ဖမ်းဆီး ခဲ့သေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဟားခါးပြည်သူ့ဆေးရုံဝန်းထဲ၌ တပ်စွဲထားပြီး ယခင်တာဝန်ကျဆရာဝန်များ အခန်းအတွင်း ဝင်ရောက်နေထိုင်ခြင်းများ ရှိနေကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly