နိုင်ငံ​၏စီးပွားရေးကျပ်တည်းနေချိန် "လေဖမ်းဒန်းစီး"နေသည့် စစ်ခေါင်းဆောင်၏ ပြောကြားချက်များ(သတင်းဆောင်းပါး)

By မေဘယ်လ်သူ
06 October 2022
နိုင်ငံ​၏စီးပွားရေးကျပ်တည်းနေချိန် "လေဖမ်းဒန်းစီး"နေသည့် စစ်ခေါင်းဆောင်၏ ပြောကြားချက်များ(သတင်းဆောင်းပါး)

October 6

(မဇ္ဈိမ)။ ။ နိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းခဲ့ချိန်မှစ၍ စီးပွားရေးကျပ်တည်းလာသည်မှာ ပို၍ပင်ဆိုးလာလေသည်။

အာဏာသိမ်းခံရပြီးနောက် နိုင်ငံတစ်ဝန်းတွင် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ​၏ အခက်အခဲကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများအပြင် စီးပွားရေးအကျပ်အတည်းများကိုပါ ရင်ဆိုင်ကြုံတွေ့နေရသည်။

"လက်ရှိ စီးပွားရေးအကျပ်အတည်းကို လူတန်းစားမရွေး ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန် မအလရဲ့ ပြောဆိုချက်တွေက မဖြစ်နိုင်တဲ့အပြင် လေဖမ်းဒန်းစီးသလိုဖြစ်နေတယ်" ဟု သွင်းကုန်ထုတ်ကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံ​၏ နိုင်ငံရေးအခြေအနေကြောင့် တိုင်းပြည်​၏စီးပွားရေးကျဆင်းနေချိန်မှာ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာ့စီးပွားရေးကို ခန့်မှန်းမရနိုင်ကြောင်းလည်း ပြောဆိုထားသည်။

သို့သော်လည်း "နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ လက်ရှိမှာ ပြန်လည်ဦးမော့နေပြီဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ အခက်အခဲရှိနေရင် နိုင်ငံတော်က ချေးငွေထုတ်ပေးမယ်"လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောထားသည်။

အောက်တိုဘာ၄ရက်နေ့က ပြည်မြို့မှာ ပြုလုပ်ခဲ့သည့် အသေးစား၊အငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းရှင်(MSME) များနှင့် တွေ့ဆုံပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ချေးငွေများအား ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း အချိန်မီ ပြန်ဆပ်ကြဖို့လည်း စစ်ခေါင်းဆောင် က ပြောကြားခဲ့သည်။

ဒါ့အပြင် ပြည်ခရိုင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ရထားများပြေးဆွဲရန် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုပြန်သည်။

" ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ လျှပ်စစ်ရထားပြေးဆွဲမယ်ဆိုတာ ဘယ်လိုဦးနှောက်နဲ့စဉ်းစားတာလဲ မသိဘူး။ မဖြစ်နိုင်တဲ့ကိစ္စကြီးပါ။ ဖြစ်အောင်လုပ်မယ်ဆိုရင်လည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေရှိလာမှာ" ဟု ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းနေသည့် လူမှုအဖွဲ့အစည်းတစ်ခုမှ မဇ္ဈိမကို ပြောသည်။

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကို ရည်ရွယ်ဆောင်ရွက်တာလို့လည်း စစ်ခေါင်းဆောင်ကပြောထားသည်။

"လက်ရှိမှာ တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပုံမှန် မပေးနိုင်သေးတဲ့အချိန်မှာ လျှပ်စစ်ရထားဆောက်မယ်လို့ပြောနေတာဟာ လေဖမ်းဒန်းစီးနေတဲ့ စကားပဲ" ဟု ပြည်သူတစ်ဦးက စစ်ခေါင်းဆောင်ရဲ့ စကားကို ပြန်လည်သုံးသပ်ထားသည်။

"ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်မှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်မှာဖြစ်ပြီး၊ စီးပွားရေးကျဆင်းမှုတွေကြောင့်လည်း နိုင်ငံရေးပြဿနာတွေ ဖြစ်ပေါ်နိုင်သဖြင့် စီးပွားရေးကောင်းမွန် တိုးတက်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်တယ်" ဟု စစ်ခေါင်းဆောင်က ဆိုထားပြန်သည်။

အောက်တိုဘာလ ၃ ရက်က ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင်နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ချေးငွေများအား ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း အချိန်မီ ပြန်ဆပ်ကြဖို့လည်း စစ်ခေါင်းဆောင် က ပြောကြားခဲ့သေးသည်။

"နိုင်ငံတော်က ရရှိဖို့ ကျန်ရှိတဲ့ ချေးငွေတွေ ပြန်လည်ရရှိမယ်ဆိုရင် နောက်ထပ်ချေးငွေတွေကို ပိုမိုပြည့်ဝစွာ ထပ်မံထုတ်ချေးပေးနိုင်မှာ ဖြစ်ပါတယ်" လို့လည်း ဆိုထားပြန်သည်။

"နိုင်ငံတော်က ချေးငွေထပ်ချေးပေးမှာ​က နောက်မှ ၊ အရင်ဆုံးအကြွေးကတောင်းနေပြီ။ နောက်ပြီး အခွန်အခတွေကိုလည်း အကြွေးတောင်းနေသလိုကိုတောင်းနေတာ" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုဖြေကြားထားသည်။

နိုင်ငံတော်အနေနဲ့ ပြည်တွင်းလည်ပတ်သုံးစွဲငွေတွေ ရှိပြီးဖြစ်ကာ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ ချေးငွေတွေကိုလည်း အတတ်နိုင်ဆုံး ထုတ်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုထားပြန်ပါသည်။

"နိုင်ငံစီးပွားရေးက ကျပ်တည်းနေတာကို စီးပွားရေးဦးမော့နေပြီလို့ မအလက ပြောတယ်။ ဘယ်လိုအခြေအနေတွေက ဦးမော့ မမော့ မသိဘူး။ လူလတ်တန်းစားမရွေး ဦးကျိုးနေတာပဲရှိတယ်" လို့ မဇ္ဈိမ​၏ သတင်းရင်းမြစ်တစ်ဦးက အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်တွေကို သုံးသပ်ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နိုင်ငံစီးပွားရေး

#အကြမ်းဖက်စစ်ကောင်စီ

#ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ

#လေဖမ်းဒန်းစီး

#သတင်းဆောင်းပါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly