မြန်မာ့အရေးအတွက် ကိုင်တွယ်ဖြေရှင်းနည်းအသစ် အဆိုပြုမည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

မြန်မာ့အရေးအတွက် ကိုင်တွယ်ဖြေရှင်းနည်းအသစ် အဆိုပြုမည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

October 6

မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် လုပ်နည်းကိုင်နည်းသစ်တစ်ရပ်ကို လာမည့် နိုဝင်ဘာလ အာဆီယံ အစည်းအဝေးတွင် အဆိုပြုသွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အောက်တိုဘာ ၅ ရက်တွင် ပြောကြားလိုက်ပြီး ထိုဖြေရှင်းနည်းအသစ်တွင် မြန်မာစစ်ကောင်စီနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှု ပါဝင်နိုင်သည်ဟု ၎င်းက ပြောသည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီသည် ယမန်နှစ် ဧပြီလက သဘောတူထားသော အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် ပျက်ကွက်မှုအတွက် ဒေသတွင်း ထိပ်သီးအစည်းအဝေးများမှ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။

အာဆီယံ၏ ထူးထူးခြားခြား တင်းမာသည့် ရပ်တည်ချက်သဘောထားကြောင့် ယမ်းပုံမီးကျ ဖြစ်ထားခဲ့သည့် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့အနေဖြင့် အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရန် ရည်ရွယ်ကြောင်း၊ သို့သော် ဒီမိုကရေစီ လိုလားသော တော်လှန်ရေး လှုပ်ရှားမှု အင်အားစုများနှင့် ဆွေးနွေးရန် တောင်းဆိုမှုကို သဘောမတူကြောင်း ပြောထားသည်။ အဆိုပါ ဒီမိုကရေစီ လိုလားသော တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်သမားများဟု အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြောဆိုထားသည်။

“ခိုင်လုံပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အဆိုပြုချက်တချို့ကို သတ်မှတ်အဆိုပြုဖို့နဲ့ စုပေါင်းလုပ်ဆောင်ဖို့ အချိန်ရောက်ပါပြီ။ ဒီအပေါ်မှာ မိမိတို့ လုပ်နိုင်တာက အနည်းဆုံးတော့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို စားပွဲဝိုင်းဆီ ခေါ်ဖို့ ဖြစ်ပြီး ဒါမှလည်း ဒီလို ကိစ္စရပ်တွေနဲ့ပတ်သက်လို့ မိမိတို့ စတင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်” ဟု မားကို့စ်က ပြောသည်။

လာမည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် နိုင်ငံရေးပိုင်းက မဟုတ်သည့် ပုဂ္ဂိုလ်တစ်ဦးကိုသာ စေလွှတ်ရန် စစ်ကောင်စီထံ အကြောင်းကြားခဲ့ကြောင်း လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဗုဒ္ဓဟူးနေ့တွင် ရိုက်တာကို အတည်ပြုသည်။

“ခုတစ်ကြိမ်မှာလည်း စစ်ကောင်စီဟာ ထိပ်သီးအစည်းအဝေးတွေကို ဘယ်သူ့ကိုမှ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြန်ပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွန်းမ် ဆုန်နရီက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required