ပူတင်က နျူကလီးယား အသုံးပြုလာလျှင် ရုရှစစ်တပ်ကို အမေရိကန်က ဖျက်ဆီးပစ်မည်ဟု စီအိုင်အေညွှန်ကြားရေးမှူးဟောင်းပြော 

ပူတင်က နျူကလီးယား အသုံးပြုလာလျှင် ရုရှစစ်တပ်ကို အမေရိကန်က ဖျက်ဆီးပစ်မည်ဟု စီအိုင်အေညွှန်ကြားရေးမှူးဟောင်းပြော 

October 6

ယူကရိန်းမြေပေါ်တွင် နျူကလီးယားလက်နက်များ အသုံးပြုလာပါက ရုရှစစ်တပ်ကို အမေရိကန်စစ်တပ်က ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ကြောင်း စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်းနှင့် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပီထရပ်စ်က သတိပေးသည်။ 

“အကြမ်းဖျင်း ပြောရရင် စုပေါင်းအား နေတိုးဦးဆောင်မှုနဲ့ ကျွန်တော်တို့ တုံ့ပြန်သွားမှာ ဖြစ်တယ်၊ ဒါကတော့ ယူကရိန်းက တိုက်ပွဲမြေနဲ့ ခရိုင်းမီးယားတို့မှာ ရှိနေတဲ့ ရုရှ သမရိုးကျတပ်အင်အား အားလုံးနဲ့ ပင်လယ်နက်က စစ်သင်္ဘောအားလုံးအပေါ်မှာ သက်ရောက်မှာ ဖြစ်တယ်”ဟု ပီထရပ်စ်က ABC News သို့ ပြောသည်။ 

ပူတင်နှင့် ချေချင်းခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်တို့ကဲ့သို့ ၎င်း၏ အတွင်းစည်းက ပုဂ္ဂိုလ်များက နျူကလီးယားလက်နက် အသုံးပြုရေးကို အားပေးထောက်ခံမှုများ ပြသလာပြီးနောက်တွင် ယခု သတိပေးချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

နေတိုး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရလျှင် ကျန်နေတိုး အဖွဲ့ဝင် အားလုံးက ကာကွယ်ပေးမည့် နေတိုးစာချုပ် ပိုဒ်ခွဲ (၅) အရ လိုအပ်သော အခြေအနေဖြစ်မည့် ရုရှ၏ နျူကလီးယားတိုက်ခိုက်မှု ဖြစ်စဉ်ကို နေတိုးက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပီထရပ်စ်က ပြောသည်။ 

“နျူကလီးယား တင်းမာမှု အရှိန်မြင့်တက်မှုကို ခင်ဗျားတို့ မလိုချင်ပါဘူး၊ ဒါပေမဲ့ ဒါမျိုးကို ဘယ်လိုနည်းနဲ့မှ လက်သင့်မခံကြောင်းကိုတော့ ပြသရလိမ့်မယ်”ဟု ယူကရိန်းအနောက်ပိုင်းက ဒေသလေးခုကို မကြာသေးခင်က ရုရှက ပိုင်နက်ပြုခဲ့ခြင်းနှင့်ဆက်စပ်ပြီး ပီထရပ်စ်က ပြောသည်။ 

ယူကရိန်း-ရုရှ စစ်ပွဲ ရှစ်လမြောက်ထဲ ဝင်ရောက်လာချိန်တွင် ရုရှသည် စစ်ရေးနှင့် ပတ်သက်သော ပြောဆိုမှုများကို အရှိန်မြှင့်တင်လာပြီး ရုရှအစိုးရမှ ထင်ရှားသော အဖွဲ့ဝင်များက ဖြစ်နိုင်သော နျူကလီးယား အရေးယူမှုကို ဆော်ဩလာကြသည်။ 

“ကျွန်တော်တို့ကို နျူကလီးယားလက်နက်နဲ့ အကျပ်ကိုင်နေသူတွေကို ကိုယ့်စကား ကိုယ်ပြန်ထိမှန်နိုင်တယ်ဆိုတာ ပြသပေးရမှာ ဖြစ်တယ်”ဟု စက်တင်ဘာနှောင်းပိုင်းက မိန့်ခွန်းတစ်ရပ်၌ ရုရှသမ္မတ ဗလာဒီမာ ပူတင်က သတိပေးသည်။ “ကျွန်တော်တို့နိုင်ငံရဲ့ ပိုင်နက်ဂုဏ်သိက္ခာ ခြိမ်းခြောက်ခံရချိန်မှာ ကျွန်တော်တို့အနေနဲ့ ရုရှနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ နည်းကုန် သုံးရမှာပဲ ဖြစ်တယ်၊ ဒါဟာ ခြောက်လုံးလှန့်လုံး မဟုတ်ဘူး”ဟု ပူတင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly