စီးပွားရေး အခက်အခဲများနှင့် ကြုံနေရ၍ ထောင်နှင့်ချီသော ပါကစ္စတန်တောင်သူများ မြို့တော် အစ္စလမ်မာဘတ် တွင် ဆန္ဒပြ

စီးပွားရေး အခက်အခဲများနှင့် ကြုံနေရ၍ ထောင်နှင့်ချီသော ပါကစ္စတန်တောင်သူများ မြို့တော် အစ္စလမ်မာဘတ် တွင် ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှ ထောင်နှင့်ချီသော တောင်သူများသည် မြို့တော် အစ္စလမ်မာဘတ်သို့ ချီတက်ရောက်ရှိခဲ့ကြပြီး လျှပ်စစ်မီတာခများ လျော့ကျစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင်း ၎င်းတို့ ရင်ဆိုင်ကြုံတွေ့ နေရသော အခြား စီးပွားရေး ပြဿနာများကို ဖြေရှင်းပေးရေး အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ပါကစ္စတန် တောင်သူများ အသင်းအဖွဲ့ Kisan Ittehad ၏ ဦးဆောင်မှုအောက်တွင် ပန်ဂျပ်တောင်သူ ၂၅၀၀၀ ကျော်တို့က ဆန္ဒပြကြခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ မြို့တော်တွင် ဆန္ဒပြပွဲများ အရှိန်ရလာစဉ် အစ္စလမ်မာဘတ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ယခု ဆန္ဒပြမှုသည် ဘာနီဂါလာ အပါအဝင် ပါကစ္စတန်နိုင်ငံ၏ မတူညီသော နေရာဒေသများတွင် တောင်သူများ လုပ်ဆောင်လျက် ရှိသည့် ဆန္ဒပြပွဲများ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။

တောင်သူများ၏ တောင်းဆိုချက် အများအပြားထဲတွင် လျှပ်စစ်မီတာခကို ယခင်နှုန်းထားဖြစ်သည့် တစ်ယူနစ် လျှင် ၅ ဒသမ ၃ ရူပီးနှုန်းသို့ ပြန်လည် သတ်မှတ်ရေး၊ အခွန်အကောက်အားလုံးနှင့် ကိုက်ညှိပြင်ဆင်ချက် အားလုံးကို ဖျက်သိမ်းရေး၊ မြေဩဇာများကို မှောင်ခို ရောင်းချမှု အဆုံးသတ်ရေးနှင့် ၄၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့် ယူရီးယား နှုန်းထား လျော့ကျစေရေးတို့ ပါဝင်သည်။

 အဆိုပါ တောင်းဆိုချက်များအပြင် နိုင်ငံတွင် ဂျုံဈေးနှုန်းကို ၄၀ ကီလိုဂရမ်လျှင် ရူပီး ၂၄၀၀ နှုန်းနှင့် ကြံ ဈေးနှုန်းကိုလည်း ၄၀ ကီလိုဂရမ်လျှင် ၂၈၀ ရူပီးနှုန်းဖြင့် ပြင်ဆင် သတ်မှတ်သင့်ကြောင်း ဆန္ဒပြသူများက ပြောခဲ့ကြသည်ဟု Dawn သတင်းစာက ကိုးကားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly