ဗြိတိန် လေဘာပါတီက အိန္ဒိယနွယ်ဖွားများနှင့် ရင်းနှီးမှုရှိရန် ဆောင်ရွက်နေ

ဗြိတိန် လေဘာပါတီက အိန္ဒိယနွယ်ဖွားများနှင့် ရင်းနှီးမှုရှိရန် ဆောင်ရွက်နေ

အိန္ဒိယအဖွဲ့အစည်းများဆိုင်ရာ လေဘာစုံညီအဖွဲ့ (LCIO) က ဗြိတိန်ရှိ အိန္ဒိယနိုင်ငံသားများနှင့် လေဘာပါတီတို့အကြား ဆက်သွယ်မှုကို တိုးမြှင့်ခြင်းဖြင့် ပိုမိုနီးစပ်မှုရှိစေရန် ရည်ရွယ်ထားသည်။ 

ပါတီနှင့် ဗြိတိန်ရောက် အိန္ဒိယများ၊ အိန္ဒိယနိုင်ငံသားများအကြား နီးစပ်စေရန် ပေါင်းကူပေးမည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ရာတွင် ကုန်သွယ်ရေး သဘောတူညီချက်ဖြင့် နှစ်နိုင်ငံအကြား  နယ်ပယ်ပေါင်းစုံ လွှမ်းခြုံစေမည့် ရေရည်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခြင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ ပူပေါင်းမှုများကို ပိုမို နက်ရှိုင်းစေခြင်း၊ ဗြိတိန်ရှိ အိန္ဒိယနွယ်ဖွားများ၏ အရေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံအား မိတ်ဖက်နှင့် အရေးပါသော မိတ်ဆွေအဖြစ် ဆက်ဆံရေးတို့ ပါဝင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွင် အဖွဲ့အစည်းအား ပြန်လည် အသက်သွင်းလိုက်ကြောင်း LCIO က ကြေညာခဲ့သည်။

အိန္ဒိယအတွက် အထူးအလေးထားသည့် အထိမ်းအမှတ်အခမ်းအနားတွင် မကြာသေးမီက ပြန်လည်ဖွဲ့စည်းလိုက်သည့် LCIO အားတရားဝင် ကြေညာခဲ့သလို အိန္ဒိယနှင့် ဗြိတိန်တို့၏ ဆက်ဆံရေး အားကောင်းစေရန် လုပ်ငန်းစဉ်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း  iGlobal သတင်းတွင် ဖော်ပြခဲ့သည်။

လစ်ဗာပူးမြို့တွင် ပြုလုပ်သည့် ပါတီညီလာခံ၏ သီးခြားတွေ့ဆုံပွဲတွင် လေဘာပါတီခေါင်းဆောင် ဆာကာစတာမားက “အိန္ဒိယအဖွဲ့အစည်းများဆိုင်ရာ လေဘာစုံညီအဖွဲ့ (LCIO) အား ပြန်လည်ထူထောင်ခြင်းကို ကြိုဆိုပါတယ်။ အိန္ဒိယရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို တစ်ကမ္ဘာ့လုံးက ပြည်သူတွေ ကျင်းပတဲ့ကာလနဲ့ ထူးကဲစွာ တိုက်ဆိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

အိန္ဒိယနွယ်ဖွား မဲဆန္ဒရှင်များနှင့် ချိတ်ဆက်ရန် အတိုက်အခံပါတီ၏ အခြား ကြိုးပမ်းမှုနှင့် ပတ်သက်၍ ၎င်းက “ဗြိတိန်က အဝေးရောက် အိန္ဒိယနွယ်ဖွားတွေနဲ့ ပတ်သက်လို့ လေဘာပါတီရဲ့ လုပ်ဆောင်ချက်တွေ အထူးသဖြင့် ဗြိတိန်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေးအားကောင်းအောင် လုပ်ဆောင်ချက်တွေကို ဂုဏ်ယူပါတယ်။  အိန္ဒိယလူမျိုး ဗြိတိန်နိုင်ငံသားတွေက မိမိတို့နိုင်ငံရဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးတွေမှာ အများကြီး ပါဝင်နေပါတယ်။ လေဘာအစိုးရသစ်ဖွဲ့စည်းဖို့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် LCIO နဲ့ လက်တွဲ ဆောင်ရွက်တာကို ကြိုဆိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required