ယူကရိန်းက အောင်ပွဲများ တိုး၍ ရလာချိန် အမေရိကန်က လက်နက်အကူအညီ တိုးပို့ 

ယူကရိန်းက အောင်ပွဲများ တိုး၍ ရလာချိန် အမေရိကန်က လက်နက်အကူအညီ တိုးပို့ 
Photo - EPA

အောက်တိုဘာ ၅

ရောက်ရှိလာသော ရုရှစစ်ကူတပ်များကို ခုခံတွန်းလှန်ရာ အဓိက ရှေ့တန်းတိုက်ပွဲ နှစ်ရပ်၌ ယူကရိန်းတပ်များက အောင်ပွဲများက စွမ်းဆောင်ထားနိုင်ချိန်နှင့် ဆောင်းရာသီလည်း ကျရောက်တော့မည် အချိန်တွင် ယူကရိန်းအတွက် ပို၍ စစ်လက်နက်များ ထောက်ပံ့မှုကို အမေရိကန်က ကြေညာလာသည်။ 

ရုရှတိုက်ခိုက်ရေးသမားများမှာ ယူကရိန်း၏ တိုက်ခိုက်မှုများမှ တပ်ခေါက်နေကြရသည့်အချိန်၌ Himars ပစ်မှတ်တိကျ ဒုံးလောင်ချာ လေးခု၊ လက်နက်ကြီး ၃၂ လက်၊ လက်နက်ကြီးကျည် ၇၅,၀၀၀ နှင့် လက်နက်ငယ် ခဲယမ်း ၂၀၀,၀၀၀ ကို ယူကရိန်းသို့ ပေးပို့နေကြောင်း အိမ်ဖြူတော်က ပြောသည်။   

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ၎င်း၏ တပ်များသည် “ရုတ်ခြည်း အင်အားကောင်းစွာ” အောင်ပွဲများ ဆောင်ကြဉ်းနေပြီး အရှေ့နှင့် တောင်ပိုင်းဒေသများ၌ ယခု သီတင်းပတ်အတွင်း ရုရှထံမှ ကျေးရွာ “ဒါဇင်များစွာ” ကို သိမ်းပိုက်လိုက်ကြောင်း ပြောဆိုသည်။ 

နယ်မြေဆုံးရှုံးမှုများကို ရုရှစစ်တပ်ကလည်း မော်စကိုက သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံသည်။ 

ရုရှက ၎င်း၏ “အချုပ်အခြာ ပိုင်နက်” အဖြစ် သောကြာနေ့က ကြေညာခဲ့သော ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသမှ ရုရှခန့်အပ်ထားသော တာဝန်ရှိသူတစ်ဦးကလည်း ယူကရိန်း၏ ထိုးဖောက်လာမှုကြားတွင် စိုးရိမ်မကြောင့်ကြရန် ပြောဆိုပြီး ရုရှက တိုက်လေယာဉ်များနှင့် လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်လာမည်ဟု ကတိပေးပြောဆိုသည်။ 

“ကြောက်လန့်တကြား ဖြစ်နေစရာ အကြောင်းမရှိဘူး”ဟု ရုရှခန့်အပ်သည် ခါဆွန်ဒေသ လက်ထောက်အုပ်ချုပ်ရေးမှူး ကီရေး စထရမ်မော့ဆော့ဗ်က လူမှုမီဒီယာတွင် ပြောဆိုသည်။ 

“ဟုတ်တယ်၊ ခပ်လှမ်းလှမ်းက ပေါက်ကွဲသံတွေ ကြားနေရမှာပဲ၊ ဒါပေမဲ့ ဒါဟာ ခဏပန်းပဲ ဖြစ်လိမ့်မယ်၊ ရုရှ တိုက်လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ထုတ်လာမှာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly