အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လုံး၀လက်ခံမည် မဟုတ်ဘဲ ပံ့ပိုးကူညီခြင်းများ လုံးဝမပြုလုပ်ကြရန် မြို့ပြပြောက်ကျား တပ်ဖွဲ့ တောင်းဆို

By စိုင်းခန့်
05 October 2022
အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လုံး၀လက်ခံမည် မဟုတ်ဘဲ ပံ့ပိုးကူညီခြင်းများ လုံးဝမပြုလုပ်ကြရန် မြို့ပြပြောက်ကျား တပ်ဖွဲ့ တောင်းဆို

October 5

(မဇ္စျ်ိမ)။။ အာဏာသိမ်းစစ်ကောင်စီပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်စဉ်များနှင့် လုပ်ငန်းစဉ်များကို လုံး၀လက်ခံမည် မဟုတ်ဘဲ ရွေးကောက်ပွဲအား ပံ့ပိုးကူညီခြင်းများ လုံးဝမပြုလုပ်ကြရန် အထူးတာဝန်လုပ်ငန်းအဖွဲ့ (Special Task Agency of Burma – STA ) က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့တွင် မြေအောက်တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အထူးတာဝန်လုပ်ငန်းအဖွဲ့ ( STA )က ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံရေးပါတီများအား တိုက်တွန်းနှိုးဆော်ချက်ကို ထုတ်ပြန်ထားရာတွင် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးအကျပ်အတည်း၊ PDF များ၏ လက်နက်ကိုင်ဆန့်ကျင်နေသည့် အကျပ်အတည်း၊ ပြည်သူလူထု၏ ငြိမ်းချမ်းစွာ အာဏာဖီဆန်နေသည့် အကျပ်အတည်း၊ နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ နိုင်ငံတကာ အစိုးရအဖွဲ့များ၏ သံတမန်ရေးရာ ဆိုင်ရာ တိုက်ပွဲစသည့် စစ်မျက်နှာပေါင်းများစွာကို တစ်ချိန်တည်းတွင် ရင်ဆိုင်နေရသည့် အချိန်ဖြစ်ကြောင်း STA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ရင်ဆ်ိုင်နေရသည့် အကျပ်အတည်းအားလုံးတွင် မည်သည့် အခြေအနေကိုမှ အသာစီးမရသည့် အတွက်ကြောင့် ထွက်ပေါက်တစ်ခုအဖြစ် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း STA တပ်ဖွဲ့က ဆိုသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ထွက်ပေါက်ကို ပိတ်ဆို့ရန် အဓိက ဆောင်ရွက်နိုင်သည့် အင်အားသည် နိုင်ငံရေးပါတီများပင် ဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲ မဖြစ်ပေါ်လာစေရန်အတွက် နိုင်ငံရေးပါတီများမှ အလေးအနက်ထားပြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း STA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို မှတ်ပုံတင်ခြင်း လုံးဝမပြုလုပ်ဘဲ၊ ရွေးကောက်ပွဲကော်မရှင် (သို့) ရွေးကောက်ပွဲအား ပံ့ပိုးကူညီခြင်းများ လုံး၀မပြုလုပ်ကြရန်လည်း STA တပ်ဖွဲ့က တောင်းဆိုသည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းကာ ရွေးကောက်ပွဲဝင်ရန်၊ ရွေးကောက်ပွဲဖြစ်မြောက်ရန် ပံ့ပိုးကူညီခြင်းနှင့် အားပေးအားမြှောက်ပြုလုပ်သည့် ပါတီသည် ၎င်းတို့ ရွေးချယ်မှုအတွက် တစ်ချိန်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း STA တပ်ဖွဲ့က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

“ ထုတ်ပြန်ချက်အပေါ်မှာ ကျွန်တော်တို့ ဘာမှ ဖြည့်စွက်ပြောစရာမရှိပါဘူး။ ဒီ ထုတ်ပြန်ချက်ထဲမှာ ကျွန်တော်တို့ ဖြစ်ချင်တာတွေ အကုန်ချရေးထားတာပါ။ ဒီထုတ်ပြန်ချက်ထဲက အတိုင်းပါပဲ” ဟု အထူးတာဝန်လုပ်ငန်းအဖွဲ့ ( STA ) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ယခင်မဲပေးစနစ်ကို အသုံးမပြုဘဲ အချိုးကျ ကိုယ်စားပြုစနစ်ကို အသုံးပြုမည့် ရွေးကောက်ပွဲကို လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

အထူးတာဝန်လုပ်ငန်းအဖွဲ့ (STA) တပ်ဖွဲ့သည် ရန်ကုန်မြို့အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ ဒေါက်တ်ိုင် ဝန်ကြီးဌာနများ၊ သတင်းပေး၊ ဒလန်များနှင့် တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်နေသူများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#အာဏာသိမ်းစစ်ကောင်စီ

#တော်လှန်ရေး

#STA

#ရွေးကောက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly