နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ အဂတိဖြင့် စွပ်စွဲထားသည့်အမှု လာမည့် ရုံးချိန်း အမိန့်ချမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ အဂတိဖြင့် စွပ်စွဲထားသည့်အမှု လာမည့် ရုံးချိန်း အမိန့်ချမည်

October 5

မဇ္စျိမ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ အဂတိပုဒ်မဖြင့် စွပ်စွဲထားသည့်အမှုနှစ်မှုကို လာမည့် အောက်တိုဘာ ၁၂ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

ယနေ့ အောက်တိုဘာ ၄ ရက်နေ့ ရုံးချိန်းတွင် အမှုနှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ​ဒေါ်လာများကို ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်အား ပေးခြင်းမဟုတ်ဘဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၎င်း၏ သဘောဆန္ဒအလျောက် လှူဒါန်းခြင်းဖြစ်သည့်အတွက် အပြစ်မရှိ​ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က လျှောက်လဲချက်ပေးခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ကို ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အတွင်း လေးကြိမ်ခွဲပြီး တံစိုးလက်ဆောင်ရယူခဲ့သည်ဟုဆိုကာ အဂတိအမှု နှစ်မှုဖြင့် စွပ်စွဲခံထားရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သက်သေထွက်ဆိုထားပြီး ဦးမောင်ဝိတ်ကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူဒါန်းခြင်းသာဖြစ်ကြောင်း သက်သေထွက်ဆိုထားသည်။

ယင်းအမှုကို ပြီးခဲ့သည့် မေလ ၂ရက်နေ့တွင် စတင်ကြားနာခဲ့ပြီး ငါးလကျော်အကြာတွင် အမိန့်ချမှတ်တော့မည် ဖြစ်သည်ဟု သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်း ၁၂မှုအတွက် ထောင်ဒဏ် ၂၃နှစ် ချမှတ်ခံထားရပြီး အဂတိမှုဖြင့် စွပ်စွဲခံထားရသည့်အမှု ခုနစ်မှုဖြင့် ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

#အဂတိမှု

#ထောင်ဒဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required