တော်လှန်ရေးရန်ပုံငွေအတွက် NUG က ရောင်းချသည့် မန္တလေးရှိတပ်သိမ်းမြေနေရာများ ၆၃ ရာခိုင်နှုန်းကျော် ရောင်းထွက်

တော်လှန်ရေးရန်ပုံငွေအတွက် NUG က ရောင်းချသည့် မန္တလေးရှိတပ်သိမ်းမြေနေရာများ ၆၃ ရာခိုင်နှုန်းကျော် ရောင်းထွက်

October 5

မန္တလေး(မဇ္စျိမ)။ ။တော်လှန်ရေးရန်ပုံငွေအတွက် မန္တလေးကစစ်တပ်သိမ်းထားသည့်မြေနေရာများအား၊ NUG အမျိုးသားညီညွတ်ရေးအစိုးရက၊ အိမ်ရာစီမံကိန်းအဖြစ် အကွက်ရိုက်ရောင်းချသည့် အစီအစဉ်တွင်၊ သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုး ရောင်းချပြီးဖြစ်ကြောင်း NUG ၏ The End of Dictatorship(EoD) သတင်းထုတ်ပြန်ချက်အရ သိရသည်။

"Spring Mandalay Investment ၇၂ နာရီအတွင်း ဒေါ်လာ ၁၀ သန်းကျော်ဖိုး ရောင်းချပေးပြီး" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြေကွက်ပေါင်း ၉၈၀ ကို လေလံတင်ရောင်းချရာမှ ခြောက်ရာနီးပါး၊ ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းကျော် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

NUG သည် နွေဦးတော်လှန်ရေးရင်းနှီးမြှုပ်မှု(Spring Mandalay Investment) အဖြစ် မန္တလေးမြို့က စစ်တပ်သိမ်းထားသည့် မြေနေရာသုံးခုကို၊ အကွက်ရိုက်ရောင်းချရန်စီစဉ်ခဲ့သည်။

ရောင်းချသွားမည့်မြေနေရာများအား နွေဦးနှင်းဆီ၊ နွေဦးတောင်ရိပ်ညိုနှင့်၊ နွေဦးရောင်စဉ်ဟူ၍ သတ်မှတ်ခဲ့သည်။

နွေဦးနှင်းဆီစီမံကိန်းသည်၊ မဟာအောင်မြေမြို့နယ် အောင်ဆန်းစုကြည်လမ်း(၃၈ လမ်းအသစ်)တောင်ဘက်ရှိ စစ်တပ်သိမ်းယူထားသော မြေနေရာဖြစ်ပြီး၊ မန္တလေးမြို့၏ အချက်အချာနေရာ ဖြစ်သည်။

နွေဦးတောင်ရိပ်ညိုစီမံကိန်းသည်၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိစစ်တပ်သိမ်းယူထားသောမြေနေရာဖြစ်ပြီး၊ မန္တလေးကျုံးမြို့ရိုးနှင့် သမိုင်း၀င် အထင်ကရနေရာများ၀န်းကျင်တွင် တည်ရှိသည်။

နွေဦးရောင်စဉ်စီမံံကိန်းသည်၊ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့်၊ စစ်တပ်သိမ်းယူထားသောမြေနေရာဖြစ်သည်။

၎င်းစီမံကိန်းမြေနေရာများအား၊ အမေရိကန်ဒေါ်လာဖြင့်ရောင်းချသွားမှာဖြစ်ပြီး၊ တော်လှန်ရေးကာလအတွင်း သတ်မှတ်စျေးနှုန်း၏ လေးဆယ်ရာခိုင်နှုန်းသာ ပေးသွင်းရမှာဖြစ်ကြောင်း၊ ကျန်ငွေကို တော်လှန်ရေးအောင်မြင်ပြီးနောက်၊ စီမံကိန်းများ စတင်အကောင်အထည်ဖော်ချိန်တွင်၊ ပေးသွင်းရမှာဖြစ်ကြောင်း EoD က ကြေညာထားသည်။

အဆိုပါမြေနေရာများသည်၊ ရောင်းချမည့်ရက် မတိုင်ခင်ကလည်း၊ ၀ယ်ယူရန်စာရင်းပေးသွင်းသည့် မြေကွက်ပေါင်း သုံးရာ ကျော်ရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စီမံကိန်းမြေနေရာများ

#တော်လှန်ရေးရန်ပုံငွေ

#NUG

#EoD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required