ဖားကန့်သတင်းထောက် ကိုနောင်ရိုး ပြန်လည်လွတ်မြောက်လာ

ဖားကန့်သတင်းထောက် ကိုနောင်ရိုး ပြန်လည်လွတ်မြောက်လာ

အောက်တိုဘာလ ၄ ရက်

ဖားကန့်မြို့ အချုပ်ထောင်တွင် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် Voice of Milikha သတင်းဌာန၏ သတင်းထောက် ကိုနောင်ရိုးသည် ယမန်နေ့ နံနက် ၈နာရီအချိန်က အချုပ်ထောင်မှ ပြန်လည် လွတ်‌မြောက်လာခဲ့ပြီ ဖြစ်သည်။

ဖားကန့်အခြေစိုက် သတင်းထောက်နောင်ရိုးအပါအဝင် ဆန္ဒပြသည့်ကာလတွင် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသူ ၁၂ဦး အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်လွတ်​မြောက်လာခဲ့တာဖြစ်ကြောင်း ဒေသခံတွေထံက သိရသည်။

ကိုနောင်ရိုးသည် ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်နေ့ မနက်က အာဏာသိမ်းစစ်ကောင်စီကို ပြည်သူလူထုက ဆန္ဒပြဆန့်ကျင်သည့် မြေပြင်အခြေအနေသတင်းအား ရယူနေစဉ် ဖားကန့်မြို့ဝင် ပန်းတင်တံတားထိပ်၌ ဖမ်းဆီးခံခဲ့ရပြီး၊ ဖားကန့်အချုပ်ခန်းအတွင်း ထိန်းသိမ်းခံရကာ အမှုကို တစ်နှစ်နီးပါးရင်ဆိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် အပြီးသတ်ကာ ဖားကန့်(မဇွပ်ယန်)အချုပ်ထောင်ကို ပြောင်းရွေ့ခံခဲ့ရခြင်း ဖြစ်သည်။

ဖားကန့်၌ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၄၇ဦးကို ထောင်ဒဏ် တစ်နှစ် ခြောက်လစီ ချမှတ်ခဲ့ပြီး၊ သတင်းထောက် ကိုနောင်ရိုးသည် ဆိုင်ကယ်(Without)မှု ပို့ကုန်သွင်းကုန်အမှုဖြင့် ထောင်ဒဏ် တစ်လ ထပ်မံချမှတ်ခံခဲ့ရသည့်အတွက် စုစုပေါင်း တစ်နှစ်နှင့်ခုနှစ်လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

ဖားကန့် (မဇွပ်ယန်)အချုပ်ထောင်မှ ယခုနှစ်အတွင်း ဇူလိုင်လ ၂၆ရက်တွင် ငြိမ်းချမ်းသာယာရပ်ကွက်မှ နှစ်ဦး ၊ ဩဂုတ်လ ၆ ရက်နေ့တွင် အမျိုးသား လေးဦး ၊ ဩဂုတ်လ ၃၀ ရက်နေ့က အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား လေးဦး ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး၊ ထိုအထဲတွင် ကိုယ်ဝန်နေ့စေ့လစေ့ ဖြင့် အဖမ်းခံခဲ့ရကာ ဖားကန့် အချုပ်ခန်းအတွင်း၌ မီးဖွားခဲ့ရသော မဝါဝါမြင့်လည်း ရင်သွေးငယ်လေးနှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

ဖားကန့်မြို့၌ နိုင်ငံရေးပုဒ်မတပ် အဖမ်းခံရပြီး လွတ်မြောက်လာသူများသည် လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ပါဝင်ခွင့်မရရှိခဲ့ဘဲ သာမန်လွတ်ရက်စေ့မှသာ ပြန်လည် လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly