တရုတ်နိုင်ငံအမျိုးသားနေ့တွင် ကမ္ဘာတစ်ဝန်း ဆန္ဒပြပွဲများ ကျင်းပ

တရုတ်နိုင်ငံအမျိုးသားနေ့တွင် ကမ္ဘာတစ်ဝန်း ဆန္ဒပြပွဲများ ကျင်းပ

တရုတ်သမ္မတရှီကျင့်ဖျင်အတွက် တတိယသက်တမ်းကို အတည်ပြုမည်ဟု မျှော်လင့်ရသည့် တရုတ် ကွန်မြူနစ်ပါတီ (CCP) ၏ ၂၀ ​​ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို ကျင်းပရန် ပြင်ဆင်နေကြစဉ်မှာ အောက်တိုဘာ ၁ရက်နေ့တွင် ကျရောက်သည့် တရုတ်အမျိုးသားနေ့၌ ကမ္ဘာတစ်ဝန်းတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။

တိုကျိုမြို့၌ ရာနှင့်ချီသော ဂျပန်နိုင်ငံသားများသည် တိဗက်၊ ရှင်ကျန်း ၊မွန်ဂိုလီးယား၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ ဖိနှိပ်ခံပြည်သူများနှင့် အတူရပ်တည်ကြောင်း ပြသရန် လမ်းမပေါ်ထွက်လာခဲ့ကြသည်။

တိုကျိုမြို့ရှိ တရုတ်သံရုံးအနီးတွင် မနက်စောစော၌ အနှေးပြေးလေ့ကျင့်ခန်းလုပ်နေသူများကလည်း လူနည်းစုဒေသများတွင် တရုတ်၏ ရက်စက်ကြမ်းကြုတ်သောဖိနှိပ်မှုကို ဝေဖန်သော ကြွေးကြော်သံ ဆောင်ပုဒ်များ အော်ဟစ်ခဲ့ကြသည်။ နောက်တစ်ရက်တွင်လည်း ဂျပန်နှင့် တရုတ်မှ လူနည်းစုတိုင်းရင်းသားအသိုက်အဝန်းမှ ကိုယ်စားလှယ်များသည် တရုတ်ကိုရှုတ်ချသော စာတန်းများ၊ အလံများနှင့်ပိုစတာများကိုင်ဆောင်ကာ  တိုကျိုမြို့လယ်ခေါင်ထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ တရုတ်သံရုံးရှေ့တွင်လည်း ဆန္ဒပြပွဲငယ်တစ်ခုကို ပြုလုပ်ခဲ့ကာ ဆန္ဒပြသူများ က တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်သော ပိုစတာများနှင့် တိဗက်အလံကို ကိုင်ဆောင်ခဲ့ကြသည်။

ပြင်သစ်တွင်လည်း တရုတ်အစိုးရကို ဆန့်ကျင်သည့် အရပ်ဘက်အဖွဲ့အစည်းများစွာက တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူမျိုးစုအသီးသီးကို နိုင်လိုမင်းထက်ပြုသည့် မူဝါဒကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

တရုတ်သံရုံးအနီး ဆန္ဒပြပွဲကြီးတွင် တိဗက်လွတ်မြောက်ရေးကျောင်းသားအဖွဲ့ (SFT)၊ ဟောင်ကောင် လွတ်မြောက်ရေးကော်မီတီ၊ ပြင်သစ်နိုင်ငံရှိ ဝီဂါအဖွဲ့အစည်းအပြင် မွန်ဂိုလီးယား၊ ထိုင်ဝမ်နှင့် ဗီယက်နမ် အဖွဲ့များမှ လူပေါင်း ၁၀၀ ကျော် ပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများသည် တရုတ်အမျိုးသားနေ့ကို ကမ္ဘာတစ်ဝန်း ဆန္ဒပြမှုအဖြစ် ပုံဖော်လျက် တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံဆောင်ပုဒ်များရေးသားထားသော  ကတ်ပြားများကိုင်ဆောင်ကာ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုနှင့် တိဗက်၊ ဟောင်ကောင်နှင့်ထိုင်ဝမ်တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရေး တရုတ်ကို တောင်းဆိုခဲ့ကြသည်။

ကနေဒါအပါအဝင်  နယူးယောက်နှင့် ကယ်လီဖိုးနီးယားအစရှိသည့် အမေရိကန်ရှိ အဓိကပြည်နယ်များတွင်လည်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင်လည်း ဝီဂါအသိုက်အဝန်းက ၇၃ နှစ်မြောက် တရုတ်အမျိုးသားနေ့ကို အရှေ့တာကစ္စတန်ရှိ ပြည်သူများအား သိမ်းပိုက်မှု၊ နှိပ်စက်မှု၊ အငတ်ထားမှုနှင့် လူသားမဆန်သော ရာဇဝတ်မှုများ၏ အစပျိုးမှုအဖြစ် သတ်မှတ်ခဲ့ကြသည်။

ဆန္ဒပြသူများသည် နှစ်ပေါင်းများစွာ ဆက်သွယ်၍မရနိုင်သော တရုတ်အကျဉ်းစခန်းများရှိ ပျောက်ဆုံးနေသော မိသားစုဝင်များ၏ ဓာတ်ပုံများကိုလည်း ပြသခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required