အမေရိကန်က တရုတ်ကိုတွန်းလှန်ရန် ပစိဖိတ်ကျွန်းစုကို ရန်ပုံငွေထောက်ပံ့ရေး ကတိပြု

By BBC
30 September 2022
အမေရိကန်က တရုတ်ကိုတွန်းလှန်ရန် ပစိဖိတ်ကျွန်းစုကို ရန်ပုံငွေထောက်ပံ့ရေး ကတိပြု

တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှုအပေါ် စိုးရိမ်နေချိန်တွင် အမေရိကန်သည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

အမေရိကန်က ဒေါ်လာ ၈၁၀ သန်း (ပေါင် ၇၂၅ သန်း) ငွေကြေးထောက်ပံ့မှုတို့ကိုလည်း ကြေညာခဲ့ပြီး နယူဝေနှင့် ကွတ်ခ်ကျွန်းများကို အချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ သည်။

ဆော်လမွန်ကျွန်းခေါင်းဆောင်က လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆော်လမွန်ကျွန်းစုဒေသသည် ပစိဖိတ်ဒေသမှ အာရှသို့ မဟာဗျူဟာမြောက် အရေးပါသော တံခါးပေါက်ဖြစ်သည်။
 
ဇွန်လက တရုတ်သည် ဒေသတွင်း ၁၀ နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို အဆိုပြုခဲ့သော်လည်း နိုင်ငံတော်တော်များများက လက်မှတ်ထိုးရန် ငြင်းပယ်ကာ ဆိုင်းငံ့ထားခဲ့ကြသည်။

အမေရိကန်၏ အချက် ၁၁ ချက်ပါ ကြေညာချက်တွင် လုံခြုံရေးမှသည် ရာသီဥတုပြောင်းလဲမှုအထိ ကိစ္စရပ်များ အကျုံးဝင်ပြီး  ရှုပ်ထွေးမှုများပြားလာသော ပထဝီဝင်နိုင်ငံရေးပတ်ဝန်းကျင်တွင် သဘောတူညီမှုရရှိ လာခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်နဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးဟာ ခင်ဗျားတို့ရဲ့ လုံခြုံရေးနဲ့ ပစိဖိတ်ကျွန်းစု တွေရဲ့ လုံခြုံရေးအပေါ်မှာ မူတည်ပါတယ်” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပစိဖိတ်နိုင်ငံများအား ဝါရှင်တန် သို့ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ ဖိတ်ခေါ်တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်။

တရုတ်သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ထောက်ပံ့ငွေများနှင့် ချေးငွေများ ရောနှောလျက် ဒေသတွင်းသို့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါး ထောက်ပံ့ပေးခဲ့ကြောင်း Lowy Institute က ပြောသည်။

ယခုနှစ်အစောပိုင်းတွင် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်က ပစိဖိတ်ကျွန်းစုများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သမုဒ္ဒရာရေရှည်တည်တံ့ရေးအတွက် အမေရိကန်သည် ရန်ပုံငွေ ၃ ဆ တိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly