ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်မည်ဆိုပါက အမေရိကန် ဘဏ်ကြီး၃ခု တရုတ်ဈေးကွက်မှ ထွက်ခွာမည်

By CNA
30 September 2022
 ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်မည်ဆိုပါက အမေရိကန် ဘဏ်ကြီး၃ခု တရုတ်ဈေးကွက်မှ ထွက်ခွာမည်

ထိုင်ဝမ်ကိုကျူးကျော်မှုကိုတုံ့ပြန်သည့်အနေဖြင့်အမေရိကန်က တရုတ်ကိုပိတ်ဆို့အရေးယူမှုများချမှတ်မည်   ဆိုပါက တရုတ်ဈေးကွက်မှထွက်ခွာမည်ဖြစ်ကြောင်းစက်တင်ဘာ၂၁ရက်တွင်အမေရိကန်၏ အဓိကဘဏ်ကြီး ၃ခု၏အကြီးအကဲများက ကတိပြုထားသည်။

JP Morgan Chase ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဂျေမီဒီမွန်၊ အမေရိကန်ဘဏ်ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် ဘရမ်မိုနီဟန်နှင့် Citigroup အမှုဆောင်အရာရှိချုပ် ဂျိမ်းဖရက်ဆာတို့က ဝါရှင်တန်ရှိ အမေရိကန် အောက်လွှတ်တော် ဘဏ္ဍာရေး ဝန်ဆောင်မှုကော်မတီကြားနာပွဲ၌ ဘဏ်၃ခုက အမေရိကန်အစိုးရ၏ လမ်းညွှန်မှုကို လိုက်နာမည်ဖြစ်ပြီးလိုအပ်ပါကတရုတ်မှထွက်ခွာမည်ကြောင်း လွှတ်တော်အမတ်များအားပြောကြားခဲ့သည်။ 

ထိုင်ဝမ်ကိုကျူးကျော်မည့်ခြိမ်းခြောက်မှုကိုတရုတ်ကွန်မြူနစ်ပါတီကဆက်လုပ်နေမည်ဆိုပါက တရုတ်ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုများနုတ်ထွက်မည်လားဟုအမေရိကန်လွှတ်တော်အမတ်ဘလိန်းလတ်ကီမေယာက ဘဏ်လုပ်ငန်းရှင် ၃ဦးကိုမေးမြန်းသည့်အခါ ၎င်းတို့က ကတိပြုခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်ကိုတရုတ်၏အဆက်မပြတ်ခြိမ်းခြောက်နေမှုများနှင့်ထိုင်ဝမ်တစ်ဝိုက်စစ်ရေးလေ့ကျင့်မှုတို့ကိုသြဂုတ်လကစဉ်ဆက်မပြတ်ပြုလုပ်နေခြင်းကိုအမေရိကန်လွှတ်တော်အမတ်ကရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအပေါ်ရုရှား၏စစ်ရေးဆောင်ရွက်မှုများကိုကိုးကား၍လွှတ်တော်အမတ်လတ်ကီမေယာက ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ယင်းကဲ့သို့အစိုးရများ၏စီးပွားရေးကိုပံ့ပိုးရာတွင်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပြီး “အာဏာရှင်အစိုးရများအုပ်ချုပ်သည့်မတည်ငြိမ်သောနိုင်ငံများ” ၌  ရင်းနှီးမြှုပ်နှံရာတွင် အန္တရာယ်ကြီးကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဘဏ်သည်လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း “တရုတ်တွင် လုပ်ဆောင်ရန် အစိုးရ၏ လမ်းညွှန်ချက်ကိုလိုက်နာခဲ့ပြီးဖြစ်ပြီးအမေရိကန်အစိုးရ၏ရပ်တည်ချက်ပြောင်းလဲပါကရုရှားတွင်ကျွန်ုပ်တို့လုပ် ဆောင်သကဲ့သို့ချက်ချင်းပြောင်းလဲသွားမည်” ဟုမိုနီဟန်ကပြောကြားခဲ့သည်။

ဒီမွန်နှင့်ဖရက်ဆာတို့ကလည်းအစိုးရ၏ဦးဆောင်မှုကိုလိုက်နာမည်ဖြစ်ကြောင်းမိုနီဟန်မှတ်ချက်များအတိုင်း သဘောတူခဲ့ကြသည်။

ဖေဖော်ဝါရီတွင်ရုရှားကယူကရိန်းကိုကျူးကျော်လာချိန်မှစ၍ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်လုံခြုံရေး အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းကို စိတ်ဝင်စားမှု တိုးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required