ဖလော်ရီဒါတွင် ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၆၂ ဦးအထိ ရှိလာ 

ဖလော်ရီဒါတွင် ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၆၂ ဦးအထိ ရှိလာ 

အောက်တိုဘာလ ၃ ရက်

အမေရိကန် အရှေ့တောင်ပိုင်းကို ပြီးခဲ့သည့် သီတင်းပတ်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အန်း ဟာရီကိန်းမုန်တိုင်းကြောင့် အတည်ပြုနိုင်သော သေဆုံးသူဦးရေသည် အနည်းဆုံး ၆၂ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောသည်။ 

အမေရိကန်၌ တိုက်ခတ်ခဲ့သော အားအပြင်းဆုံး မုန်တိုင်းများတွင် ပါဝင်သည့် အန်း ဟာရီကိန်းမုန်တိုင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါ၏ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဆီ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိမ်များ၊ သစ်ပင်များ ပြိုလဲကာ လျှပ်စစ်မီးများ ပြတ်တောက်ရပြီး တံတားများလည်း ပိတ်ဆို့ခဲ့သည်။ 

လေပြင်းမုန်တိုင်း တိုက်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အိမ်များ ရေလွှမ်းမိုးပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဘေးဒုက္ခ ကျရောက်သူများကို ရှာဖွေကယ်ဆယ်လျက် ရှိနေသ်ည။ 

ဖလော်ရီဒါကို ဖြတ်သန်းပြီးနောက် အန်း မုန်တိုင်းသည် အတ္တလန္တိတ်သို့ ဦးတည်သွားခဲ့သော်လည်း အဆင့် (၁) မုန်တိုင်းအဖြစ် တောင်ကယ်ရိုလိုင်းနားဆီ ဝင်ရောက်ခဲ့သည်။ မုန်တိုင်းအရှိန်ကြောင့် မြောက်ကယ်လိုလိုင်းနားတွင်လည်း မိုးသည်းထန်ခြင်းနှင့် လေပြင်းများ ကျရောက်ခြင်းများ ဖြစ်ပေါ်သည်။ 

ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅၈ ဦး ရှိသည်ဟု အတည်ပြုနိုင်ကြောင်း ဖလော်ရီဒါ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှု ကော်မရှင်က တနင်္ဂနွေနေ့တွင် ပြောပြီး မြောက်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူးကလည်း အန်းမုန်တိုင်းကြောင့် လူ လေးဦး သေဆုံးသည်ဟု စနေနေ့တွင် ပြောသည်။ 

“ဘယ်လို စီစဉ်ရမှန်းကို မသိတော့ပါဘူး”ဟု အသက် ၅၉ နှစ်အရွယ် ဂျွန်လိုင်းရှ်က အေအက်ဖ်ပီသို့ ပြောသည်။ ၎င်း၏ အိမ်သည် ရေလွှမ်းမိုး နစ်မြုပ်ခဲ့ပြီး ထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ 

“ကျွန်တော် ဒီမှာ နေလာတာ နှစ် အစိတ်လောက် ရှိနေပြီ၊ အခုတော့ ကျန်တဲ့ ဘဝသက်တမ်းကို ဘယ်လို ကုန်ဆုံးရမှန်း မသိတော့လို့ ရင်နာရတယ်”ဟု ၎င်းက ဆိုသည်။ 

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်က လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ဝင်ရောက်တိုက်ခတ်ခဲ့သော ဖီအိုနာ ဟာရီကိန်းမုန်တိုင်းဒဏ်သင့်ရာ ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးရန် တနင်္လာနေ့တွင် ပေါတို ရီကိုသို့ သွားရောက်မည် ဖြစ်ပြီး အန်းမုန်တိုင်းဒဏ်သင့်ရာ ဖလော်ရီဒါသို့ ဗုဒ္ဓဟူးနေ့တွင် လာရောက်မည် ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly