စက်တင်ဘာလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၀၀ကျော်သေဆုံးပြီး ၆၀ဦးကျော် ဒဏ်ရာရရှိ

စက်တင်ဘာလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၀၀ကျော်သေဆုံးပြီး ၆၀ဦးကျော် ဒဏ်ရာရရှိ

အောက်တိုဘာလ ၃ ရက်

ကရင်နီပြည်နယ်တွင် စက်တင်ဘာလ တစ်လတာအတွင်း တိုက်ပွဲပေါင်း ၅၇ကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀၀ကျော်သေဆုံးပြီး ၆၀ဦးကျော် ဒဏ်ရာရရှိသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယမန်နေ့ အောက်တိုဘာလ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်တွင် ၁၈ကြိမ် ၊ ဖရူဆိုမြို့နယ်တွင် ၁၄ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် ၁၁ကြိမ် ၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် ကိုးကြိမ် ၊ ရှားတောမြို့နယ်တွင် သုံးကြိမ် ၊ ဘောလခဲမြို့နယ်တွင် နှစ်ကြိမ် စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း ၅၇ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ မှ ၁၀၄ဦးကျော် သေဆုံးခဲ့သလို ၆၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ထံမှ MA-1 သုံးလက် ၊ MA-2 သုံးလက် ၊ MA-3 ရှစ်လက် ၊ MG စက်သေနတ် တစ်လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနှင့် ခဲယမ်းများ ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်မှလည်း ရဲဘော်ငါး ဦးကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဥ်အမြဲ လေးစားဂုဏ်ယူစွာ မှတ်တမ်းတင် အလေးပြုကြောင်း KNDFက ဖော်ပြထာသည်။

တစ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ၏ နေအိမ် ၁၀၀ ကျော်၊ ဘုရားကျောင်း နှစ်ကျောင်း ပျက်စီးခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်ခုနစ်လုံးကျော် ထိခိုက်ပျက်စီးခဲ့ရကာ စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်းလက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ တစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူ အရပ်သားပြည်သူ နှစ်ဦး ရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် စက်တင်ဘာလ အစပိုင်းမှစ၍ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို လမ်းမကြီး တစ်ကြောအား စစ်ကြောင်းထိုး တပ်ဖြန့်ခဲ့သလို ဒီးမော့ဆို ၊ နန်းမယ်ခုံ ၊ မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရ ထိမ်းချုပ်နိုင်ရန် စစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့ကာ လက်ရှိအချိန်ထိ ဖော်ပြပါနေရာများတွင် တပ်ဖြန့်ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက် ရှိသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း စစ်အင်အားများတိုးချဲ့၍ စစ်ကြောင်းထိုးခြင်း ၊ တပ်ဖြန့်ခြင်းများအား နေ့စဥ်လုပ်ဆောင်နေသလို ၎င်းတို့ စစ်ကြောင်းထိုး တပ်စွဲခဲ့သော နေရာများတွင်လည်း မိုင်းထောင်ခဲ့ခြင်းများကို ပြုလုပ်ထားသောကြောင့် တိုက်ပွဲများ ဖြစ်ပွားရာနေရာနှင့် ဖြစ်ပွားပြီးသောနေရာများအနီးရှိ ကျေးရွာများသို့ ဒေသခံများအနေဖြင့် နေရပ်ပြန်ခြင်းများကို အလျှင်စလို မပြုလုပ်ကြရန် KNDFက တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly