ကဗျာဆရာကြည်ဇော်အေး မွေးနေ့မတိုင်မီ ၁ ရက်အလိုတွင် ကွယ်လွန်

ကဗျာဆရာကြည်ဇော်အေး မွေးနေ့မတိုင်မီ ၁ ရက်အလိုတွင် ကွယ်လွန်

အောက်တိုဘာလ ၃ ရက်

ကဗျာဆရာကြည်ဇော်အေးသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၃ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးတွင် ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန် သွားခဲ့ပြီဖြစ်သည်။

ကဗျာဆရာကြည်ဇော်အေး ကွယ်လွန်သွားပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာမှတဆင့် အသိပေး ထားသည်ကိုတွေ့ရသည်။

“နှလုံးခုန်ရပ်သွားပါပြီ၊ နောက်မိနစ်ပိုင်းအတွင်း ဆုံးပါလိမ့်မယ်တဲ့၊ ၈း၁၅မှာ အသက်ထွက်သွားခဲ့ပါပြီ” ဟု ဆရာကြည်ဇော်အေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကဗျာဆရာ ကြည်ဇော်အေးကို ၁၉၇၇ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၄၅) နှစ်ရှိပြီဖြစ်သည်။ မနက်ဖြန် အောက်တိုဘာ ၄ ရက်နေ့တွင် ကဗျာဆရာ ကြည်ဇော်အေး၏ ၄၅ နှစ်ပြည့်မွေးနေ့ ကျရောက်မည်ဖြစ်ပြီး မွေးနေ့မတိုင်ခင် ၁ ရက်အလိုတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ရိုးရိုးသားသားသစ်သီး၊ စစ်ပြီးခေတ်ဒစ်ဂျစ်တယ်ရေဒီယို၊ အရူးရှယ်လီ၊ မြ၊ လူငယ်တစ်ယောက်ရဲ့မှတ်စုများ၊ တောလမ်းကလေး၊ ပထဝီ အနေအထား၊ နှစ်ငါးဆယ်လက် ရွေးစင်ကဗျာများ၊ ဖန်ပြွန်သန္ဓေသား၊ လူငယ်တစ်ယောက်၏မှတ်စုများ၊ အသက်ကယ် အင်္ကျီ၊ ဘုရားလောင်းခေတ်ကချစ်သူများ၊ ရောမစာမျက်နှာ၊ ကော်ဖီခံစားမှု စသည့်တို့သည် ကဗျာဆရာကြည်ဇော်အေး ဖန်တီးခဲ့သည် အရာများဖြစ်ပြီး ကော်ဖီခံစားမှုမှာ နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။

ဆရာကြည်ဇော်အေး၏ ဖန်တီးမှုများအနက် “တော်လှန်ရေး သမားတစ်ယောက်ရဲ့အတ္ထုပတ္တိမှာ” အထူးထင်ရှားကျော်ကြား၍ လူကြိုက်များသည်။

ဆရာ ကြည်ဇော်အေးသည် ကဗျာမာနကြီးသူတစ်ဦး ဖြစ်သည်ဟု ရေးဖော်ရေးဖက် လည်းဖြစ် ၊ သူငယ်ချင်းလည်းဖြစ်သည့် အမည်မဖော်လိုသော ကဗျာဆရာတစ်ဦးက မှတ်ချက်ပြုသည်။

“ကဗျာပေါ်မှာထားတဲ့ မာနကြီးတယ်။ မာနထားတယ်။ ကဗျာဆရာအချင်းချင်း ထားတာ မဟုတ်ဘူး။ ကဗျာပေါ်မှာ တန်ဖိုးထားတယ်။ စော်ကားမော်ကား လုပ်တာမကြိုက်ဘူး။ အသက်သဖွယ်တန်ဖိုးထားတယ်။ ကဗျာနဲ့ပတ်သက်ရင်အထိမခံဘူး။ လူချစ်လူခင် ပေါအောင်မနေဘူး။ အများကြိုက်လည်းမနေဘူး” ဟု ကဗျာဆရာကြည်ဖော်အေး၏ သူငယ်ချင်းကဗျာဆရာက ဆိုသည်။

ကဗျာ ဆရာကြည်ဇော်အေးသည် ၁၉၉၀ခုနှစ် မျိုးဆက် ကဗျာဆရာတစ်ဦးဖြစ်ပြီး ခေတ်ပြိုင်များမှာ ခင်ဇော်မြင့် ၊ စံငြိမ်းဦး၊ အောင်ခိုင်မြတ်၊ ခက်သီ၊ ဝိုင်ချို၊ တိုးနှောင်မိုး စသူတို့ဖြစ်သည်။

ကဗျာဆရာကြည်ဇော်အေးသည် ကဗျာချစ်သူလူငယ်များ ကဗျာဆု၊ မောင်ချောနွယ် ကဗျာဆု ( ပြည်မြို့ )၊ ရှားပါးသတ္တဝါ ကဗျာနဲ့ ရသကမ်းခြေကဗျာဆု ( လပွတ္တာမြို့ )၊ အလယ်ရိုးမကဗျာဆု ( ပျဉ်းမနား ) တို့ကိုရရှိခဲ့သည့်အပြင် ၎င်း၏ ကဗျာအချို့သည် အင်္ဂလိပ်၊ ပြင်သစ်၊ဂျပန် ဘာသာများ သို့ ဘာသာပြန်ဆိုခြင်းခံခဲ့ရသည်။

ကဗျာဆရာကြည်ဇော်အေးသည် မကွယ်လွန်မီ ၁ ရက်အလိုက “လာမယ့်ဆောင်းရာသီ” အမည်ရသည့် ကဗျာကို နောက်ဆုံးရေးသား၍ သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့သည်။

လက်ရှိတွင် ကဗျာဆရာကြည်ဇော်အေး၏ ရုပ်အလောင်းအား ရေခဲတိုက်တွင် ထားရှိထားပြီဖြစ်ကာ Covid-19 ရောဂါပိုး ရှိ၊ မရှိစစ်ဆေးထားသည်။ Covid ရှိပါက ဆေးရုံမှ သင်္ဂြိုဟ်မည်ဖြစ်ပြီး မရှိပါက မိသားစုဝင်များမှ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly