အဓိက အရှေ့ပိုင်းမြို့က ရုရှတပ်များကို ရှင်းလင်းပြီးကြောင်း ယူကရိန်း ပြော 

အဓိက အရှေ့ပိုင်းမြို့က ရုရှတပ်များကို ရှင်းလင်းပြီးကြောင်း ယူကရိန်း ပြော 

အောက်တိုဘာလ ၃ ရက်

ရုရှတို့ ကျူးကျော်သိမ်းပိုက်ထားသည့် ယူကရိန်းဒေသ လေးခုထဲမှ တစ်ခု၏ အဓိကမြို့တစ်မြို့ဖြစ်သည့် လီမန်းမြို့ရှိ ရုရှတပ်များကို ရှင်းလင်းပြီးကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္ဂနွေနေ့တွင် ပြောသည်။ 

ယူကရိန်းနှင့် အနောက်အုပ်စုက ရှုတ်ချနေသည့်ကြားမှ ရုရှသည် သိမ်းပိုက်ထားသော ယူကရိန်း ဒေသများကို ပိုင်နက်အတွင်း သွတ်သွင်းခဲ့ချိန်မှာပင် ရုရှ၏ ကျူးကျော်စစ်အား သီတင်းပတ်ကြာ ယူကရိန်း၏ တန်ပြန်ထိုးစစ်အတွင်း ယခုကဲ့သို့ မြို့အား ရှင်းလင်းနိုင်ခြင်း ဖြစ်သည်။ 

ယခုနှစ်အစောပိုင်းက ရုရှတပ်များ သီတင်းပတ်များကြာ ထိုးစစ်ဆင်ပြီး ထိန်းချုပ်ခဲ့ရသည့် လီမန်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း ယူကရိန်းအတွက် အောင်ပွဲတစ်ရပ် ဖြစ်ခဲ့သည်။ ရုရှကမူ ယင်း မြို့အား ၎င်းတို့က ပိုင်ဆိုင်ပြီး ဖြစ်နိုင်သမျှ ကာကွယ်သွားမည်ဖြစ်ကြောင်း စိတ်ပိုင်းဖြတ်ဆိုသည်။ 

အရှေ့ပိုင်း ဒွန်နက်စ်ဒေသရှိ မဟာဗျူဟာကျ ရထားလမ်း ဆက်သွယ်မှု အချက်အခြာဖြစ်သော လီမန်းမြို့ထဲ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ယူကရိန်းစစ်တပ်က စနေနေ့တွင် ပြောရာ ရုရှကလည်း မြို့မှ တပ်ဖွင့်ဝင်များ တပ်ဆုတ်ခဲ့ကြောင်း ကြေညာသည်။ 

လီမန်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ခြင်းသည် မီဒီယာများတွင် ရေပန်းအစားဆုံး ဖြစ်နေပြီဟု ဇယ်လန်စကီးက တနင်္ဂနွေနေ့ ညပိုင်းမိန့်ခွန်းတွင် ပြောဆိုသည်။ “ဒါပေမဲ့ ကျွန်တော်တို့ စစ်သားတွေရဲ့ အောင်မြင်မှုဟာ လီမန်းမှာတင် ရပ်တန့်သွားမှာ မဟုတ်ဘူး”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသက နယ်မြေများကို သီတင်းပတ်အတွင်းမှာပင်  ပြန်လည်သိမ်းယူမည်ဟု ပြီးခဲ့သည့်ရက်က ဇယ်လန်စကီးက ကတိပြုဆိုထားသည်။ 

“အခုဆို ကျွန်တော် ယုံကြည်စိတ်ချတယ်၊ တော်တော်လည်း တက်ကြွတယ်”ဟု လီမန်းမြို့နားမှ ပြန်လာသည့် အသက် ၃၃ နှစ်အရွယ် ယူကရိန်းစစ်သားတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ 

“ရှေ့တန်းမှာ တက်တက်ကြွကြွ ရှိနေတာ ကျွန်တော် မျက်မြင် ကြုံရတယ်၊ ကျွန်တော်တို့ မြေတွေကို ကျွန်တော်တို့ ပြန်သိမ်းရာမှာ ပြည်ပလက်နက် အထောက်အပံ့တွေက ကူညီပေးတယ်”ဟု ၎င်းက ပြောသည်။ 

ယူကရိန်းအနေဖြင့် နောက်ထပ် အင်အားဖြစ်စရာအဖြစ် ဂျာမနီ၊ ဒိန်းမတ်နှင့် နော်ဝေတို့က ၂၀၂၃ မှစပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးစနစ် ၁၆ ခု ပေးပို့သွားမည်ဖြစ်ကြောင်း ဂျာမနီက တနင်္ဂနွေနေ့တွင် ပြောလာခြင်းပဲ ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly