မန္တလေးမြို့တွင် ကားငှားစီးပြီး ယာဉ်မောင်းကို သတ်ဖြတ်ကာ ကားယူထွက်ပြေးမှုဖြစ်ပွား

မန္တလေးမြို့တွင် ကားငှားစီးပြီး ယာဉ်မောင်းကို သတ်ဖြတ်ကာ ကားယူထွက်ပြေးမှုဖြစ်ပွား

အောက်တိုဘာ ၃

မန္တလေး(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ၊မဟာမြိုင်(၂)ရပ်ကွက်နေ တက္ကစီယာဉ်မောင်း ကိုပြည့်ဆိုသူကို ဘုရားဖူးလိုက်ပို့ရန်ခေါ်သွားရာမှ လူကိုသတ်၍ ကားယူထွက်ပြေးသွားသည့် ဖြစ်ရပ် ယမန်နေ့ အောက်တိုဘာလ ၂ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တက္ကစီယာဉ်မောင်းကို လမ်းတွင်သတ်ဖြတ်ကာ ရုပ်အလောင်းအား လမ်းဘေးစွန့်ပစ်ခဲ့ပြီး ကားယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းနှင့် ၁၂၈ လမ်းထောင့်အနီး လမ်းဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

ရုပ်အလောင်းအား မြို့ခံပရဟိတအသင်းတစ်ခုက မန္တလေးဆေးရုံကြီးရင်ခွဲရုံပို့ဆောင်ပေးခဲ့ပြီး၊ အလောင်းပိုင်ရှင်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက် မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“မနက် ၇ နာရီကျော်လောက်က မြို့တွင်းဘုရားဖူးအတွက် ကားလာငှားတဲ့သူနဲ့လိုက်သွားတာ တစ်နေကုန်အဆက်အသွယ်မရလို့ မိသားစုကစိတ်ပူပြီးလိုက်စုံစမ်းတော့မှ အသတ်ခံရပြီး ကားလုယူခံရတာကို သိရတာ ၊သတ်သွားတဲ့သူတွေက အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၅၄ လမ်းထောင့်နားက အဆင့်မြင့်တည်းခိုခန်း တစ်ခုမှာ တည်းသွားတယ်လို့ သိရတယ်၊ လူသတ် ကားယူပြီးတော့ အဲဒီတည်းခိုခန်းကို ပြန်လာပြီး Check Out လုပ်ပြီး ပြန်ထွက်သွားတာကို စီစီတီဗီကနေ တွေ့ရတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုက နယ်မြေခံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း

#မဟာအောင်မြေမြို့နယ်

#လုယက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly