ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ပေါ်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုများနေ

ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ပေါ်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုများနေ

October 3

မဇ္ဈိမ ။ ။ ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့ပေါ်တွင် စက်တင်ဘာ ၈ရက်နေ့ မှစပြီး စစ်ကောင်စီတပ်များနှင့် မဟာမိတ်တပ်ပေါင်းစုများအကြား ရက်ရှည်တိုက်ပွဲပြင်းထန်နေကာ နှစ်ဖက် ထိခိုက်သေဆုံးမှုများနေကြောင်း မိုးဗြဲ PDF က ယမန်နေ့ အောက်တိုဘာ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၈ရက်မှ အောက်တိုဘာလ ၂ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး တပ်ပေါင်းစုများဘက်မှလည်း ကိုးဦးသေဆုံးခဲ့ကာ စိုးရိမ်ဒဏ်ရာရသူ ၁၀ဦးနှင့် ၉၄ဦးမှာ ရှထိဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။

တပ်ပေါင်းစုများဘက်မှ သေဆုံးသူ ကိုးဦးမှာ မိုးဗြဲ PDF B-01မှ ငါးဦး ၊ မိုးဗြဲ PDF B-02မှ တစ်ဦး ၊ ဖယ်ခုံ PDF B - 02မှ တစ်ဦး နှင့် URFမှ နှစ်ဦးတို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အသက် ၁၀နှစ်အောက် ကလေးငယ် သုံးဦးအပါအဝင် စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ပြီး ၁၃ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းမိခဲ့ပြီး လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များနှင့် စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျက်ရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များထောင်ထားသော မိုင်းများရှိနေသဖြင့် သွားလာခြင်းများနှင့် နေရပ်ပြန်ခြင်းများ မပြုလုပ်ကြရန် မိုးဗြဲ PDFက အထူးသတိပေးထားသည်။

#mizzima

#မိုးဗြဲမြို့

#PDF

#စစ်ကောင်စီ

#မဟာမိတ်တပ်ပေါင်းစု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly