မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားပွဲကျင်းပရန် စစ်ကောင်စီ စီစဉ်

မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားပွဲကျင်းပရန် စစ်ကောင်စီ စီစဉ်

October 3

မန္တလေး(မဇ္စျိမ)။ ။ကိုဗစ်စည်းကမ်းချက်များအား၊ အလုံးစုံဖြေလျှော့မပေးသေးသည့် စစ်ကောင်စီသည်၊ မန္တလေးတောင်ခြေ ကျောက်တော်ကြီး ဘုရားပွဲကျင်းပရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပျော်ပွဲရွှင်ပွဲမပါ၀င်ဘဲ ကျင်းပသွားမှာဖြစ်သည်ဟု ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ ကဆိုထားပြီး၊ နေ့စဉ်နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ ဘုရားဖူးအသွားအလာများအား ခွင့်ပြုပေးထားမှာဖြစ်ကြောင်းလည်း ကြေညာထားသည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာ့သုံးဆယ်ကျော်ကတည်းက ကျင်းပလာခဲ့သည့် ၎င်းပွဲတော်ကို၊ ပြည်တွင်းကိုဗစ်ရောဂါဖြစ်ပွားနေ စဉ်နှင့် စစ်အာဏာသိမ်းသည့် ယမန်နှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

မန္တလေးတောင်ခြေကျောက်တော်ကြီးဘုရားပွဲသည်၊ မန္တလေးမြို့၏ ထင်ရှားကျော်ကြားဘုရားပွဲတော်များအနက် အစည်ကား ဆုံးသောပွဲတော်ထဲက တစ်ခုလည်းဖြစ်ပြီး၊ ပွဲတော်ရက်ညများတွင် ကြက်ပျံမကျစည်ကားတတ်သည်။

၎င်းပွဲတော်ကို မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၊ နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားနှင့် မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားတို့၏ ဗုဒ္ဓပူဇနိယပွဲတော်များအား တစ်ပြိုင်တည်းကျင်းပခြင်းဖြစ်သည်။

ပွဲတော်ကို သီတင်းကျွတ်လဆန်း ၈ ရက်(အောက်တိုဘာ ၂ ရက်)မှ လပြည့်ကျော် ၃ ရက်(အောက်တိုဘာ ၁၂ ရက်)အထိ (၁၃၄)ကြိမ်မြောက်အဖြစ် ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Mizzima

#ကျောက်တော်ကြီးဘုရား

# မန္တလေးတောင်ခြေ

#ပျော်ပွဲရွှင်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly