ပါကစ္စတန်တွင် ဟိန္ဒူအမျိုးသမီးတဦး သူခိုးဟု မမှန်မကန် စွပ်စွဲခံရပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုကြောင့် ဆန္ဒပြမှု ပေါ်ပေါက်

ပါကစ္စတန်တွင် ဟိန္ဒူအမျိုးသမီးတဦး သူခိုးဟု မမှန်မကန် စွပ်စွဲခံရပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုကြောင့် ဆန္ဒပြမှု ပေါ်ပေါက်

ပါကစ္စတန်နိုင်ငံတွင် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦး ပစ္စည်းခိုးသည်ဟု မမှန်မကန် စွပ်စွဲခံရပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါနိုင်ငံရှိ လူနည်းစုများက ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

 လူနည်းစုဝင် လူအများအပြားသည် စက်တင်ဘာ ၁၉ ရက်က ဘဟာဝဲလ်ပူရ်ခရိုင် ရဲတပ်ဖွဲ့ရုံးနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအကြီးအကဲရုံး အပြင်ဘက်တွင် စုဝေးခဲ့ကြပြီး နိုင်ငံတွင် လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ပေါ်ပေါက်နေခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယခုဖြစ်စဉ်တွင် ဟိန္ဒူဘာသာဝင် အမျိုးသမီးသည် သူခိုးဟု မှားယွင်း စွပ်စွဲခံရပြီး အနိုင်ကျင့် တိုက်ခိုက်ခံ ခဲ့ရကြောင်း ဆန္ဒပြသူများက ပြောသည်။ 

ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ အမျိုးသမီးသည် ယက်ဇ်မန် မန်ဒီ ဧရိယာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး အိမ်အကူတစ်ဦးအဖြစ် အလုပ်လုပ်နေခဲ့သူ ဖြစ်သည်။ လူတစုက သူမ၏ အိမ်ကို တိုက်ခိုက်ခဲ့ပြီး သူမကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟု ပြောဆိုမှုများ ရှိကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ထို့နောက် အဆိုပါ ဟိန္ဒူအမျိုးသမီးကို ကျေးလက် ဒေသဆေးခန်းတစ်ခုသို့ ပို့ဆောင်ခဲ့စဉ် ဆရာဝန်ဖြစ်သူက သူမကို ကုသပေးရန် ငြင်းဆန်ခဲ့သလို ဆေးဘက်ဆိုင်ရာ ထောက်ခံချက်လက်မှတ် ထုတ်ပေးခဲ့ခြင်း မရှိကြောင်း ဆန္ဒပြသူများက ပြောသည်။

စုဝေးဆန္ဒပြပွဲတွင် လူနည်းစု ခေါင်းဆောင်တချို့က မိန့်ခွန်းပြောခဲ့ကြပြီး ယခုကိစ္စအပေါ် တရားမျှတစွာ စုံစမ်းစစ်ဆေးရေး တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ယခုဖြစ်စဉ်တွင် ကျူးလွန်သူများနှင့် ဆရာဝန်ဖြစ်သူတို့အပေါ် ဥပဒေအရ အရေးယူရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
 
ပါကစ္စတန်တွင် အဓမ္မ ခေါ်ဆောင်ခြင်းများ၊ လူသတ်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် အတင်းအကျပ် အယူဘာသာပြောင်းခိုင်းမှုများ အပါအဝင် လူနည်းစုများ ကြုံတွေ့နေရသည့် မနှစ်မြို့စရာ အခြေအနေက စိုးရိမ်ပူပန်စရာ ဖြစ်နေခဲ့သည်။ အဆိုပါ နိုင်ငံတွင် အမျိုးသမီးများနှင့် လူနည်းစုများအပေါ် အကြမ်းဖက်သည့် ဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း မြင့်တက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly