အာရှခရီးစဉ်အတွင်း ထိုင်ဝမ်လုံခြုံရေးကိစ္စ အမေရိကန်ဒုသမ္မတ ဆွေးနွေးမည်

အာရှခရီးစဉ်အတွင်း ထိုင်ဝမ်လုံခြုံရေးကိစ္စ အမေရိကန်ဒုသမ္မတ ဆွေးနွေးမည်

အမေရိကန်ဒုသမ္မတကမလာဟဲရစ်ကလာမည့်သီတင်းပတ်အာရှခရီးစဉ်အတွင်းဂျပန်၊တောင်ကိုရီးယား ခေါင်းဆောင်များနှင့်တွေ့ဆုံချိန်တွင်ထိုင်ဝမ်လုံခြုံရေးကိစ္စရပ်ကိုဆွေးနွေးမည်ဖြစ်ကြောင်း အကြီးတန်း အုပ်ချုပ်ရေးအရာရှိတစ်ဦးက စက်တင်ဘာ၂၃ရက်တွင် ပြောကြားလိုက်သည်။
 
တရုတ်အရာရှိများကိုဒေါသထွက်စေသည့်တရုတ်ကပိုင်ဆိုင်ကြောင်းပြောကြားနေသည့် ထိုင်ဝမ်ကိုကာကွယ်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြတ်ပြတ်သားသားကတိကဝတ်ပြုပြီးနောက်ရက်ပိုင်းအတွင်းတောင်ကိုရီးယားသမ္မတယွန်းဆက်ယို၊ ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါတို့နှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

"ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အလွန်တွဲဖက်ညီပြီးဒါကမကြာသေးမီကဖြစ်ပေါ်တိုးတက်မှုတွေ၊ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဂျပန်၊ကိုရီးယားခေါင်းဆောင်တွေနဲ့ဆွေးနွေးဖို့ဒုတိယသမ္မတအတွက် အခွင့် အလမ်းတစ်ခုဖြစ်ပါလိမ့်မယ်" ဟု အဆိုပါအရာရှိကပြောကြားခဲ့သည်။

ဟဲရစ်သည်တိုကျိုနှင့်ဆိုးလ်တွင်တစ်ထောက်ရပ်နားမည်ဖြစ်ပြီးယင်းနိ်ုင်ငံများမှခေါင်းဆောင်များက အမေရိကန်နှင့်တရုတ်ကြားတင်းမာမှုများဆိုးရွားလာခြင်းကိုသတိထားစောင့်ကြည့်နေကြကြောင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကိုကျူးကျော်ဝင်ရောက်ခြင်းကိုဟန့်တားရေးအတွက်တရုတ်ကိုပိတ်ဆို့အရေးယူရေးအစီအစဉ်များနှင့်အခြားရွေးချယ်စရာများကိုအမေရိကန်ကစတင်စဉ်းစားနေပြီဖြစ်ကြောင်းဆွေးနွေးမှုများနှင့်နီးစပ်သော သတင်းရင်းမြစ်များက ယခုလအစောပိုင်းတွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည့်ထိုင်ဝမ်ကိုတရုတ်ကယင်း၏ပြည်နယ်များထဲမှတစ်ခုအဖြစ်ရှုမြင်သည်။ 

ထိုင်ဝမ်ကိုတရုတ်၏ထိန်းချုပ်မှုအောက်သို့ယူဆောင်ရန်ကာလရှည်ကြာကတည်းကသံန္နိဋ္ဌာန်ထားပြီး ထိုသို့လုပ်ဆောင်ရန် အင်အားအသုံးပြုမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
 
တရုတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းပြောကြားချက်ကို ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီးထိုင်ဝမ်ပြည်သူ၂၃သန်းကသာယင်း၏အနာဂတ်ကိုဆုံးဖြတ်နိုင်သည်ဟုပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly